အပိုင်း-၅
Zawgyi...
"မေမေ ဖေဖေရော"
Unicode...
၁၄ နှစ်ခန့်ကြာပြီးနောက်...
မင်းဝဿန်တို့အိမ်ရဲ့ စီးပွားရေးအခြေအနေသည်လည်း တစ်ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သလို နေထိုင်ရာ ရွာလေးသည်လည်း နည်းနည်းချင်းစီ တိုးတက်လာခဲ့လေပြီ။အရင်က ရွာမြေနီလမ်းလေးသည်ပင် ကွန်ကရစ်လမ်းလေးဖြစ်နေပေပြီ။
အရင်က ထရံကာအိမ်လေးသည်လည်း နှစ်ထပ်တိုက်အိမ်လေးအဖြစ်သို့ပြောင်းလဲနေပြီး ထရံများဖြင့်ခတ်ထားခဲ့သော ခြံစည်းရိုးများသည်လည်း အုတ်တံတိုင်းများအဖြစ်သို့ ပြောင်းလဲခတ်ထားလျက်။
နံနက်ခင်းအချိန်အခါ ထိုနှစ်ထပ်အိမ်လေးအတွင်း၌...
"ကဲ အိမ်အပေါ်ထပ်က မောင်နှမနှစ်ယောက်ရေ... ရှင်တို့ ဒီတစ်သက် အိပ်ယာက ထကြဦးမှာလား ဟင်... တကတည်းတော် အိပ်နေလိုက်ကြတာ ဆင်နင်းရင်တောင် အသေပဲ ခံမယ် အိပ်ယာကမထဘူး လို့များ ပြောမလားပဲ... အခုချက်ချင်းထကြတော့ မထရင် ငါတုတ်ကောက်ပီးလာတော့မှာနော်..."
*တုတ်*ဟူသော အသံကြားသည်နှင့် မောင်နှမနှစ်ယောက်လုံး အခန်းထဲမှ ပြာပြာသလဲထကြလေတော့သည်။အခန်းမှာ မျက်နှာချင်းဆိုင် ဖြစ်သည့်အတွက် အလျင်ထပြေးလာသော နှစ်ယောက်မှာ
*ခွပ်~အင့်* နဖူးချင်းတိုက်မိသောအသံ။
"အ.. သေပါပီ ဝဿန်ရယ် နင်ငါ့တောင်မမြင်ဘူးလား"
"အဲ့လိုပြောကြေးဆို မမကရော မောင်လေးကို မြင်လို့လား"
"ဟဲ့ ငါမမြင်ရင်တောင် နင်ကမြင်အောင်လုပ်ပါလား"
"ကဲ အိမ်ပေါ်က နှစ်ယောက် ရန်ဖြစ်မနေကြနဲ့ မြန်မြန်လာ မနက်စာစားမယ်..."
ဝဿန်လည်း အမဖြစ်သူအား မျက်စောင်းထိုးရင်း အိမ်ပေါ်မှ ခြေစောင့်၍ဆင်းသွားလေသည်။မွှေးလည်း မောင်ဖြစ်သူ၏ ပုံစံအား တစ်အံ့တစ်သြကြည့်ရင်း...
"အယ် အယ် ဟိဟိ ငါ့မောင်က ခုငါလေ့လာနေတဲ့ LGBT တွေထဲက Uke ဆိုတာလေးနဲ့တူလိုက်တာ.. ကျောင်းရောက်မှ သူငယ်ချင်းတွေဆီက ပိုဆည်းပူးရမယ်"
ဝဿန်လည်း ထမင်းစားခန်းထဲရောက်သည်နှင့်..
"မေမေ ဖေဖေရော"
"နင်တို့အဖေက ခြံထဲသွားပီ နင်တို့ပဲ လုံ့လမရှိ ဝီရိယမရှိနဲ့ ခုချိန်ထိ အိပ်နေတာ... ဘယ့်နှယ့် ကိုးတန်းကျောင်းသားကလည်း အပျင်းကြီး တက္ကသိုလ်ကျောင်းသူကလည်း မထူးခြားနား တစ်ယောက်မှ အချိုးမပြေကြဘူး..."
"ဟင့် မေမေကလည်း တစ်ခါတစ်လေလေးကို"ထမင်းစားခန်းထဲသို့ဝင်လာသော မွှေးမှပြောလိုက်ခြင်း။
"ဘာတစ်ခါတစ်လေလေးနည်း နင်အဆိုးဆုံး အမြဲအိပ်နေတာ ဒါတောင် အိပ်ယာကအမြဲနောက်ကျတယ်"
ထိုစကားကြားသောအခါ မွှေးသည် သူမ၏နှုတ်ခမ်းအား ရှေ့သို့ ထော်လိုက်လေသည်။ထိုအခြင်းအရာကို မြင်သော ဝဿန်က
"ဟား ဟား မမရယ် နင့်နှုတ်ခမ်းကြီး ရှေ့ကမေမေ့ကို သွားချိတ်နေပါဦးမယ်"
"ဝဿန် နင်နော် ငါစိတ်မရှည်ရင် နင့်ကို လင်ပေးစားလိုက်မှာနော်"
ထိုစကားကြားသောအခါ ဝဿန်မှာ စားလက်စထမင်းပင် နင်သွားလေသည်။
"မေမေ မေမေ့သမီး သားကို လင်ပေးစားမလို့တဲ့ အီး ဟီး "ပြောရင်းဆိုရင်း ဝဿန်တစ်ယောက် ငိုလေပြီ။
"မွှေးရယ် ညည်းဟာလေ ပေါက်ပေါက်ရှာရှာ လျောက်ပြောပြီး စနေပြန်ပြီ"
"မေမေကလည်း စတာမဟုတ်ဘူး တကယ်ပြောနေတာ"
"ကဲ တော် ညည်းလုပ်တာနဲ့ ငါ့သားလေးငိုနေပြီ သား တိတ်တိတ် ကျောင်းသွားရမယ့်ဟာ သနပ်ခါးတွေပျက်ကုန်ပီ မမကစနေတာရယ် မေမေကဘာလို့ သားကိုလင်ပေးစားရမှာလဲ မသကာ ယောက်ျားဆိုတော်သေး"
"အီး ဟီး ဗြဲ တော်ပီ မေမေတို့နှစ်ယောက်လုံးကိုမခေါ်တော့ဘူး ကျောင်းသွားတော့မယ် ဟင့် ပြန်လာရင် ဖေဖေနဲ့ကိုတိုင်ပစ်မယ်"
"ဟားဟားဟား ကျောင်းသွားရင်းနဲ့လည်း ငိုမနေနဲ့ဦးနော် မောင်လေး"
အိမ်ပေါက်ဝသို့ရောက်နေပြီဖြစ်သော မောင်အား လှမ်းအော်ပြောရင်း မွှေးတစ်ယောက် တစ်ဟားဟားအော်ရယ်နေလေသည်။
"ကဲ ရယ်မနေနဲ့ ထမင်းဆက်စားတော့ တော်ကြား ကျောင်းနောက်ကျနေမယ် အဲ့ရယ်နေတာကို ငါရပ်အောင်လုပ်ပေးရမလား"ဟုဆိုကာ မွှေး၏ ဗိုက်ကြောအား ဆွဲလိမ်လိုက်လေသည်။
"အ အား နာတယ်မေမေရ"ဟု အော်ရင်း အိမ်လေးရဲ့ နံနက်ခင်းဟာ ပြည့်စုံလျက်ရှိသည်။

Коментарі