Jealous (Unicode)
Jealous (Zawgyi)
Audio Book
Jealous (Unicode)
Jealous 🎇
...................

မနာလိုဘူး ရိုး။
ကုိယ်မင်းကို တကယ်မနာလိုဘူး။
ကုိယ်နဲ့မင်း ပြန်ဆုံတဲ့တစ်နေ့ကျရင် မပြောဖြစ်လိုက်တဲ့ စကားလေးတစ်ခွန်းနဲ့အတူ မင်းကုိ
မနာလိုဖြစ်မိတဲ့အကြောင်းတွေ ပြောပြရအုံးမယ်

🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆

နွယ်ရိုးဂုဏ်
အသက် (၂၆) နှစ်
၁၂.၆.၂၀၁၅ ခုနှစ်တွင် ကွယ်လွန်သည်။

လက်ချိုးရေတွက်၍ရသော ခုနှစ်တချို့
လက်ငါးချောင်း ပြည့်သွားသည့်တိုင် အရောင်
မမှိန် ၊ ဆေးမပြယ်သော အဖြူရောင်လွှလွှ အုတ်ဂူလေးက သူထားထားသော နေရာလေးမှာ အမြဲရှိနေဆဲ။ အုတ်ဂူထက်မှ အနီရောင် နှင်းဆီပန်းစည်းလေးကတော့ ဥတုရာသီကြောင့်
ပုံပျက်၍နေခဲ့လေပြီ။

လက်ထဲတွင် အသင့်ကုိင်ဆောင်လာသော လတ်လတ်ဆတ်ဆတ် မွေးပျံ့နေသည့် နှင်းဆီပန်းစည်းလေးကုိ ခြောက်ကပ်နွမ်းခြောက်
နေသည့် ပန်းစည်းခြောက်လေးနေရာမှာ အစားထိုး လဲလှယ်ရင်း ရင်ထဲမှ စကားတချို့တီးတိုး ရေရွတ်လိုက်မိတော့ ဝဲဘတ်ရင်အုံက ဆစ်ခနဲ။

အားနာလိုက်တာ ..... ရိုး။
လာကြည့်သူ မဲ့နေတဲ့ အုတ်ဂူလေးအဖြစ် တခြား အုတ်ဂူတွေကြားထဲ မျက်နှာငယ်နေမှာကုိ တွေးမိရင်.....။

မင်းပြောဖူးတယ်လေ။ ကျွန်တော်က လူအများကြား ဂုဏ်ဆာရတာ သိပ်ကြိုက်တာတဲ့။
အခုတော့ မင်းကုိ ဂုဏ်ငယ်စေခဲ့ပြီလား။

အုတ်ဂူလေးပေါ်မှ သစ်ရွက်ခြောက် အကြွေ
အလွင့်များကုိ လက်ဖြင့်ဖယ်ရှားပေးရင်း ပြိုခနဲ ကျဆင်းလာသော မျက်ရည်တွေက နေရာကျဥ်းကျဥ်းလေးမှာ ခက်ခက်ခဲခဲ အိပ်စက်အနားယူနေရသော ရုိးကုိမှ အားမနာ။ အပြိုင်အဆုိင် ခုန်ပေါက်ကျဆင်းလာလိုက်လေခြင်း။

နီစွေးစွေးပါးပြင်ပေါ်မှ မျက်ရည်စများကုိ နာကျင်စွာဖြင့် ခပ်ကြမ်းကြမ်းပွတ်သုတ်လုိက်တော့ အနည်းငယ် ကျိန်းစပ်သွားသော ပါးပြင်က လက်ဖနောင့်နားမှ အသားမာတချို့နှင့် မိတ်ဆက်သွားခဲ့၍လား။

လွမ်းတယ်...ရိုး။

ဖွင့်ဟပြောခွင့်မရှိပေမဲ့ ကျယ်လောင်မြည်ဟီးစွာ အော်ပာစ်နေသော သူ့ရင်ခုန်သံတွေကုိ ရုိးတစ်ယောက်ကြားနေရသည်ဆိုတာကုိ သူ တပ်အပ်သိသည်။ သို့သော် မင်းကြားလား ဟု မမေးဖြစ်ခဲ့လိုက်။

ဒီလိုသာ ထွက်သွားမယ်မှန်း သိခဲ့ရင် သူသေချာပေါက်ပြောခဲ့လိုက်မိမှာ။

"ကုိယ်မင်းကုိ  ချစ်တယ်....ရုိး" ဟူ၍.....။

အခုတော့ မေးခွင့်မရှိတော့သလို သူ့ရင်ခုန်သံတွေကုိပါ မကြားနိုင်တော့တဲ့ ရုိး။

"ကုိယ့်ကုိထားပြီး ထွက်သွားရတာ ပျော်ရဲ့လား" ဟု တခါတလေ အသံကုန်အော်ဟစ် မေးပစ်လိုက်ချင်သည်အထိ နေစိမ့်လွန်းသည့် ရုိး။
အခု မင်း ...အဆင်ပြေရဲ့လား။

မနာလိုဘူး...ရိုး။
မင်းကုိမှ မနာလိုတာ မဟုတ်ဘူး ရုိး။
မင်းကုိယ်ပေါ်ကို ကျဆင်းလာတဲ့ မိုးစက်မိုးပေါက်လေးတွေကုိတောင် ကုိယ် မနာလိုဖြစ်မိတာ အမှန်။
မင်းရဲ့အရေပြားတွေကို နီးကပ်စွာထိတွေ့ခွင့်ရတဲ့ အတွက်ပေါ့။ မင်းခေါ်ခေါ်နေကြ ဦးယျာ ဆိုတဲ့ ကုိယ်က မင်းရဲ့ အရေပြားကုိ ထိဖို့ မပြောနဲ့၊ မင်းရဲ့ လက်ဖဝါးလေးတွေကုိတောင် မကုိင်တွယ်ခဲ့ဖူးတဲ့ ကောင်ပါ။

နောက်ပြီး ညင်သာစွာ တိုးဝှေ့တိုက်ခတ်လာတဲ့
လေနုလေအေးလေးတွေကုိလည်း ကုိယ်မနာလိုဘူး..ရုိး။ ဂျယ်နဲ့ မနည်းရအောင် ထောင်ပြီး ပုံသွင်းထားရတဲ့ မင်းဆံပင်တွေကုိ ပုံပျက်ယိုင်လဲသွားအောင် လုပ်နိုင်တဲ့အတွက်ပေါ့။ ကုိယ်ဆုိတာက မင်းရဲ့ ဆံသားတွေကုိတောင် မထိတွေ့ခဲ့ဖူးသူလေ။

"ကျွန်တော့်အိမ်ကုိ မလွန်ဆန်နိုင်လို့ပါဗျာ"

ထိုစကားတစ်ခွန်းကုိသာ တွင်တွင်ပြောပြီး အိမ်ကုိ ငိုကြီးချက်မ ရောက်လာကာ ငုိပွဲဆင်တဲ့နေ့။
မှတ်မှတ်ရရ ဂျူလိုင် ဆယ်ရက်နေ့....သူ့မွေးနေ့။

ဘာဖြစ်တာလဲလို့ သူမေးချိန်မရလိုက်။ သူ့ရင်ခွင်ထဲ အတင်းခေါင်းတိုးဝင်ကာ အကြိမ်ကြိမ်တောင်းပန်စကားဆုိနေသော ရုိး ကုိ သူ ယောင်ယမ်းပြီး တွန်းထုတ်လိုက်မိသေးသည်။

"မင်း...ဘာဖြစ်လာတာလဲ ရုိး"

သူ့မေးခွန်းတွေကုိ ရုိးကမဖြေ။ ကျောပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်သည်အထိ ရှိုက်ကြီး တငင်ငင် ငုိကြွေးခဲ့လေသူ။

အခု မင်း အဆင်ပြေရဲ့လား....ရုိး။
.
.
.
.

"ဦးယျာ ကျွန်တော့်မိန်းမက ကလေးလိုချင်လုိတဲ့၊ အဲ့ဒါ ဦးယျာများ ကူညီပေးနိုင်မလားလို့"

မျက်နှာသေလေးနှင့် သူ့အိမ်ကုိရောက်လာပြီး အကူအညီတောင်းခဲ့စဥ်က

"ဟာ...ငရုိး မင်းဘာစကားတွေ လာပြောနေတာလဲ..ပေါက်ကရတွေ"

ဟုဆိုကာ ကျောပြင်ကုိ လက်သီးဖြင့် အနည်းငယ်နာအောင် ထိုးလိုက်မိသေးသည်။

အသည်းခိုက်အောင် နာကျင်သွားရလိမ့်မယ်လို့
သူမှမသိခဲ့ဘဲလေ။

ရုိး....မင်း သိပ်ရက်စက်တယ်....။
.
.
.
.

"ကျွန်တော်မှ ကလေး မရနိုင်တာပဲလေ"

ညည်းတွားသလိုလေးပြောကာ မှိန်ကျသွားသော မျက်နှာနှင့် ခပ်မှုိင်းမှုိင်း မျက်ဝန်းအိမ်တွေက
ထိခိုက်ကြေကွဲမှုကို အထင်းသား။ သို့သော် သူမျက်နှာလွှဲ ခဲပစ်လုပ်မိခဲ့လိုက်သည်။

ကုိယ်ချစ်တာ မင်းကုိ....ရုိး။
မင်း မိန်းမကုိ မဟုတ်ဘူး။
ကုိယ်ပိုင်ဆိုင်ချင်တာ မင်းကုိ...ရုိး။
မင်းပိုင်ဆုိင်ထားတဲ့ မိန်းမကုိ မဟုတ်ဘူး။

"ကျွန်တော့်ကုိ မချစ်ဘူးလား ဦးယျာ"

ရုိးရှင်းလိုက်တဲ့မေးခွန်း။
သို့သော် ထိုမေးခွန်းအတွက်အဖြေဟာ သူ့အတွက်
သိပ်ကုိ ခက်ခဲခဲ့သည်။

နွယ်ရုိးဂုဏ်ဆိုသည့် လူသား၏မေးခွန်းကုိ
သူဖြေရန် အင်အားမရှိခဲ့။

"ကျွန်တော်က မကြာခင် ခရီးအဝေးကြီးကုိ ထွက်သွားရတော့မှာဗျ"

ပြုံးတုံ့တုံ့မျက်နှာပေးနှင့် အသိပေးသလိုလို အကြောင်းကြားသလိုလို ပြောခဲ့တုန်းက အမှုမဲ့အမှတ်မဲ့ဖြင့်် ဟားတိုက်ရယ်မောခဲ့သေးသည်။

"ဒီလောက်လေးနဲ့ မသေနိုင်ပါဘူး ငရုိးရာ"

ထိုစကားကုိ သူပြန်ပြောခဲ့တုန်းက သိပ်ကုိပေါ့ပျက်ပျက်နိုင်လွန်းစွာ။ ယခုချိန်မှာတော့  ကုိယ့်ပါးစပ်ကုိ
ပိတ်ရုိက်ပစ်ချင်မိသည်အထိ နောင်တရမဆုံး။
နောင်တဆိုတာ နောင်မှရတတ်သည့်အမျိုးလား။

"ကျွန်တော်...ဦးယျာကုိ ချစ်တယ်၊ ဦးယျာနဲ့ အတူတူနေချင်တယ်"

သူ့လက်ကုိဆွဲကာ ကလေးတစ်ယောက်လို ပူဆာသည်နှယ့်ပြောနေပုံက ပြိုမည့်မိုးကုိ ကြောက်၍ ခြေနှစ်ချောင်းမိုးပေါ်ထောင်ကာ
အိပ်စက်လေ့ရှိေသာ တစ်တီတူးငှက်ကုိများ အားကျလေသလား....ရုိး။

ကုိယ်တို့ ဒီလောက်အထိ ....မုိက်ရူးရဲ မဆန်သင့်ဘူး။

"တစ်ခါတည်းပါဗျာ"

လက်ညိုးလေး တထောင်ထောင်ဖြင့်  ပါးလေး
ထိုးပေးကာ အနမ်းတစ်ပွင့်တောင်းခံရှာသည့် ရုိး။
ကုိယ်လည်း မင်းအပေါ်ကုိ သိပ်ရက်စက်ခဲ့တယ်။

အခုတော့ မင်း အဆင်ပြေနေပြီ..မဟုတ်လား။
.
.
.
.
မင်းထွက်သွားခါနီးမှာ ကုိယ်မှာလိုက်တဲ့ စကားတွေကုိ မင်း မှတ်ရော မှတ်မိသေးရဲ့လား။
ငါ့ခွင့်ပြုချက် မရဘဲ ထွက်သွားရင် မင်းကို လုံးဝ ခွင့်မလွှတ်ဘူးဆိုတာလေ။

မင်း သေချာပေါက် ကြားလိုက်တာ
ကုိယ် သိတယ်ရုိး....အဲ့ဒီတော့ မင်းအခု ပြန်လာခဲ့ပါ။

ကုိယ်မရှိတဲ့ ဒေသတစ်ခုမှာ၊ ကုိယ်မဟုတ်တဲ့ သူတွေနဲ့ မင်းပျော်နေမှာကုိ ကုိယ် မနာလိုဘူး...ရုိး။
မင်းတစ်ယောက်တည်း ပျော်လို့မရဘူးလေ။

"ကျွန်တော်က ပျော်လာပြီဆို အလုိလို ငိုချင်လာတာ" တဲ့။

မင်းစကားက ဘာစကားကြီးလဲ အဆန်းကြီးဟု သူပြန်မေးမိစဥ်က ရုိး၏ရင်ထဲကို သူ မမြင်ခဲ့။
အခုတော့ လှမ်းမကြည့်ပါဘဲ အတိုင်းသား မြင်နေရပြီလေ။

မင်း ငိုနေလား....ရိုး။
ငုိချလိုက်ပါ။
ကုိယ်လည်း မင်းနဲ့အတူ လိုက်ငုိမယ်။
ပျော်လို့နော်..ရုိး......ပျော်လို့။

မင်းနာကျင်ခံစားနေရတဲ့ ဝေဒနာတွေက လွတ်မြောက်ပြီး ပျော်ရွှင်စွာနေထိုင်ခွင့်ရသွားလို့
ကုိယ်လည်း မင်းနဲ့အတူ ပျော်တယ်။

မင်းပြန်လာတဲ့ တစ်နေ့....မင်းကြုံဆုံခဲ့ရတာတွေ၊
ကြည်နူးခဲ့ရတဲ့အရာလေးတွေကုိ ပြန်ပြောပြတဲ့အခါ ကုိယ် ရယ်ရယ်မောမော နားထောင်ရအုံးမယ်။
.
.
.
အခုတော့ ငြိမ်သက်စွာ လှဲလျောင်းအိပ်စက်နေတဲ့ ရုိးကုိ မပြောဖြစ်လိုက်တဲ့ စကားလေး တစ်ခွန်းနဲ့ ခဏလောက်လေး နှုတ်ဆက်ခဲ့ပါရစေ။

"ကုိယ်မင်းကုိ အရမ်းချစ်တယ် နွယ်ရုိးဂုဏ်"

🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐

© A Thway Ni,
книга «Jealous».
Коментарі