လမ်းထိပ်မုန့်ဆိုင်
အနီရောင်
နှင်းဖန်လုံး
လမ်းထိပ်မုန့်ဆိုင်
မျက်လုံးချင်းဆုံခဲ့တယ်။
အကြည့်ချင်းဖလှယ်ခဲ့ကြတယ်။
ညနေတိုင်းမျှော်နေမိခဲ့တယ်။
ပြီးတော့ရော .......

ပြီးတော့ ..

ညနေ(၅)နာရီ ။
အိမ်ပြန်နေကျအချိန်...။
ပြီးတော့ အဲ့ဒီလမ်းလေးထဲ ချိုးကွေ့ရမယ့်အချိန် ။

"ဟဲ့ကောင်.. မင်းဘက်ကျသွားတာကောက်လေ "

အဲ့ဒီလမ်းလေးထဲကို ချိုးကွေ့လိုက်တာနဲ့ အမြဲတမ်းကြုံတွေ့ရတယ့် ဝပ်ရှော့ရုံရှေ့က ခြင်းဝိုင်း ။ အခုလဲ ခြင်းလုံးက ကိုယ့်ဘက်လိမ့်လာလို့ အသဲအသန်လိုက်ကောက်နေကြတာ။

" ဟေ့ ဟေ့ ဟိုမှာ လူလာနေတာ ဘေးဖယ်လေ"

"အေးလေ ဖယ်ပေးလိုက်လေ မင်းအဲ့လိုအလိုက်ကန်းဆိုး မသိလို့ အခုထိ စော်မရတာ"

အများအားဖြင့် ခြင်းလုံးခတ်နေကြတယ့်အချိန်ဆို ဖြတ်သွားတာကို ဂရုမထားကြပေမယ့် အခုလို ခြင်းလုံးခတ်တာ ရပ်တယ့်အချိန်ဆိုရင်တော့ စိတ်နှောက်ယှက်ဖြစ်တယ့်စကားတွေပြောလေ့ရှိတာကတော့ အမြဲလိုလိုပါပဲ ။

နောက်ထပ်တစ်လမ်းကသွားလို့ရပေမယ့် စိတ်က ဒီလမ်းလေးကိုပဲဖြတ်ချင်နေတယ်။ လူတစ်ယောက်နဲ့ ‌ခပ်လှမ်းလှမ်းကပဲဖြစ်ဖြစ် အကြည့်ချင်း နှုတ်ဆတ်ချင်တယ့် ဆန္ဒသေးသေးလေးကြောင့်လည်းပါမယ်ထင်တယ်။

လှမ်း‌မြင်နေရတယ်...
အဲ့ဒီမုန့်ဆိုင်ရှေ့ခုံတန်းမှာထိုင်နေတယ့် နို့စိမ်းရောင်လည်ဝိုင်းတီရှပ်ရယ် ချည်သားဘောင်းဘီအကွက်တိုလေးဝတ်ထားတယ့်သူ ...။

သူ့မှာအင်္ကျီနှစ်ထည်ပဲ ရှိတာလားမသိပါဘူး ။အခုဝတ်ထားတယ်နို့စိမ်းရောင်ရယ် နောက်ထပ်အဖြူရောင်ဆွတ်ကျယ်ရယ် ။သူက အဲ့ဒီနှစ်ထည်ပဲပတ်ဝတ်နေတာ။ မနက်ဖြန် သူအဖြူရောင်ဆွတ်ကျယ်ကိုဝတ်မယ်ဆိုတာ ပြောရဲတယ်။

ဒီမုန့်ဆိုင်ရှေ့ကဖြတ်ရတော့မယ်။ ရုတ်တရတ် နားထင်ကသွေးတိုးနှုန်းတွေမြန်လာသလိုပဲ။
"ငါ ဘာဝယ်စရာရှိလဲ "
"တစ်သျှူးဝယ်ရမလား "
"ပီကေ ဝင်ဝယ်ရမလား"
သူ့ဆိုင်ထဲဝင်ဝယ်ဖို့ နည်းရှာနေရင်း ဆိုင်ရှေ့ကိုတောင်ရောက်လာပြီ။

ဟိုးခပ်ဝေးဝေးမှာတုန်းက သူ့ပုံကလှမ်းကြည့်နေသလိုခံစားနေရတယ်။အဲ့ဒီတုန်းကတော့ ပျော်ရွှင်နေသလိုလိုခံစားချက်မျိုးပေါ့ ။

အခုတော့
လွယ်အိတ်ကြိုးကိုပဲ ကိုင်ရတော့မလိုလို။
ထီးကိုဖွင့်‌ေဆာင်းချင်လာသလိုလို။ ရုတ်တရတ်လမ်းဘယ်လိုလျှောက်ရမယ်မှန်းတောင်မသိတော့ဘူး။ပဲ,ပဲများချင်လာသလိုလိုနဲ့ အနေရခတ်တယ့်ခံစားချက်တွေက အစုအပြုံလိုက်ကိုဝင်လာတော့တာပဲ။ဘာကိုဝယ်ရမယ်မှန်းလဲမသိ‌ေတာ့ဘူး။လက်နှစ်ဖက်ကိုဘယ်နားထားရမလဲ စဉ်းစားရင်း..

"ငါသူ့ကို ကြည့်လိုက်ရမလား "

"မကြည့်သေးဘူး ၊ သူကငါ့ကိုကြည့်နေတယ်ဆိုဘယ်လိုလုပ်မလဲ "

"ငါဘာလို့ ဒီလမ်းကလာမိပါလိမ့်"

"ဟိုဘက်လမ်းက သွားလည်း ကားမှတ်တိုင်ရောက်တာကို "

" ငါ မျက်လုံးထောင့်လေးနဲ့ပဲကြည့်လိုက်မယ်လေ"

"ဒါပေမယ့် ငါသူမျက်နှာလေးတွေ့ချင်တယ်"

တစ်ယောက်တည်းယောက်ယက်ခတ်တယ့်အတွေးတွေနဲ့ အဲ့ဒီမုန့်ဆိုင်လေးကိုကျော်သွားခဲ့ပြီ ။သူကတော့ ဘာသိဘာသာပဲ သူ့ဖုန်းလေးသုံးရင် ထိုင်နေကျန်ခဲ့တယ်။

တကယ်တော့သူ့ကိုသတိထားမိခဲ့တာလွန်ခဲ့တယ့်နှစ်နှစ်လောက်ကတည်းက။ အခုဆိုသုံးနှစ်ရှိပြီ။

ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်စကားလည်းမပြောဘူးကြသလို၊ ရင်းလည်းမရင်းနှီးကြဘူး။

တကယ်တော့ တစ်နှစ်မှာလေးလလောက် ကျောင်းပိတ်တယ့်အချိန် ဒီလမ်းထဲမှာရှိတယ့်အမျိုး‌‌ေတွဆီလာရင်း ဆုံဖြစ်ကြတာပါ။ အခုလိုပုံစံမျိုးနဲ့ပေါ့။

ညနေ5နာရီဆိုတာနဲ့အိမ်ပြန်ဖို့ ဒီလမ်းကဖြတ်ရတယ်။
သူကလည်းအဲ့ဒီမုန်ဆိုင်‌ေရှ့ခုံတန်းလျား‌မှာ ထိုင်လေ့ရှိတယ်။
အစကတော့ သတိထားမိပေမယ့် အမြဲတမ်းလိုလိုတွေ့နေရတော့ စိတ်ထဲထူးဆန်းတယ့်အတွေးတွေနဲ့ ပြည့်လာခဲ့တယ်။
ပျော်ရွှင်မှုသေးသေးလေးနဲ့အတူ မျှော်လင့်ချက်မှိန်မှိန်လေးတွေပါ ကပ်ပါလာခဲ့ပြီ။
သတိမထားမိလိုက်ခင်မှာပေါ့ ...

ရယ်စရာကောင်းတယ်နော်...

ဒါပေမယ့်ဘာကြောင့်မှန်းမသိရင်းနှီးတယ်လို့ခံစားရပြီးသဘောကျမိသလိုခံစားချက်မျိုးလည်းရှိတယ်။

ကားလမ်းတစ်ဖတ်မှာYBS96လာနေတာတွေ့တယ်။အခု ကားလမ်းကူးပြီး အဲ့ဒီကားကိုစီးရမှာဆိုပေမယ့်စိတ်ခံစားချက်တွေက မတည်ငြိမ်သေးဘူး။
လမ်းလျှောက်အိမ်ပြန်ဖို့ဆုံးဖြတ်ရင်းအရှေ့တည့်တည့်ကနေ 39လာနေတော့ လမ်းဘေးကပ်ရပ်ပေးပြီး ဆက်လျှောက်လာခဲ့တယ်။

39 ကားဆိုမှ အမှတ်ရမိတယ်။ သူနဲ့တစ်ခါ 39ကားပေါ်မှာ ဆုံဖူးခဲ့ကြသေးတယ်။ သူကမှတ်မိပုံတောင်မရပါဘူး ။ အကြည့်တစ်ချက်စုံပြီး ကားအနောက်ကို လျှောက်သွားခဲ့တာ။ အခုလိုစဉ်းစားကြည့်တော့ တစ်ယောက်တည်းတစ်ဖတ်သတ်ဖြစ်နေတယ့် ခံစားချက်များလား။

တွေးရင်းနဲ့ငိုချင်လာတာပဲ သိတော့တယ်။
တကယ်တုံးအခဲ့မိတာပဲ ။ ဒီနှစ်တွေအတောအတွင်းမှာ ညနေတိုင်းခုံမှာထိုင်နေတယ်။ မနက်ခင်းဒီလမ်းကိုဖြတ်လာတယ့်အချိန်တိုင်းလည်း ထိုင်နေပြန်တယ်။
တိုက်ဆိုင်တာပါလို့ပြောလည်း စောင့်နေတယ်လို့ပဲမှတ်ယူချင်တယ်။
ဒါတွေဟာတိုက်ဆိုင်မှုတစ်ခုပါလို့ကိုယ့်ကိုယ်ကို နှစ်သိမ့်လည်း စိတ်ထဲမှာတော့ သူငါ့အပေါ်တစ်ခြားသဘောထားတစ်ခုရှိတယ်လို့ပဲသတ်မှတ်တယ် ။
အဲ့ဒီလို ခပ်တုံးတုံးအတွေးတွေကြောင့်ပဲ ဒီအိမ်ပြန်လမ်းတွေဟာ စိတ်လှုပ်ရှားစရာတစ်ခုဖြစ်သလို၊ အနေရခက်တယ့်အခြေအနေတစ်ခုလည်း ဖြစ်ခဲ့တယ်။

"ငါမနက်ဖြန်ကျ အဲ့ဒီလမ်းကမသွားဘဲ တစ်ခြားလမ်းကပဲသွားမယ် "

"ဟုတ်တယ် အဲ့ဒီလိုပဲလုပ်မယ်"

"အာ.. မသိတော့ဘူး "

တစ်ယောက်တည်းဗျာများရင်း အိမ်ပြန်ရောက်ဖို့ နည်းနည်းပဲလိုလာခဲ့တယ်။

ဒီခံစားချက်တွေက ဒီလောက်ဆိုလုံလောက်ပြီထင်ပါရဲ့။
"ဟုတ်တယ် .. ငါ ရပ်လိုက်တော့မယ်"
ကိုယ့်ကိုယ်ကို အားပေးနှစ်သိမ့်လိုက်ပြီး အိမ်ထဲဝင်ခဲ့လိုက်တယ်။
** ** ** ** **
မနက်8နာရီ ..။
အမေ့ရဲ့ မထသေးဘူးလားဆိုတယ့်နှိုးဆက်နဲ့အတူ မနက်ခင်းကအသက်ဝင်ခဲ့ပြန်ပြီ ။
စားသောက်ရေမိုးချိုးပြီးတာနဲ့ မနေ့ညက အဖွားဖုန်းဆက်လှမ်းမှာထားတယ့်ပစ္စည်းတွေ ဈေးမှာသွားဝယ်ဖို့ပြင်လိုက်တယ်။
စက်ဘီးတစ်စီးကိုယ့်ဘေးက ဖြတ်သွားတော့ရှောင်ရင်း ကြည့်မိတော့ အဲ့ဒီနို့စိမ်းရောင်အင်္ကျီပိုင်ရှင်ဖြစ်နေပြန်တယ် ။
ကံတရားများ ခွဲခါနီးအလွမ်းပြေကြည့်ဖို့ဖန်တီးပေးထားသလားအောက်‌ေမ့ရတယ်။ အလွမ်းပြေကလည်း သူ့ဘေးတစောင်းပုံရိပ်နဲ့ ကျောပြင်ကိုမြင်လိုက်ရတာပါ။ သူက သိပုံတောင်မပေါ်ပါဘူး။

အဖွားမှာလိုက်တယ့်ပစ္စည်းတွေကို ဝယ်ပြီး အရှေ့ရောက်လာတယ့် busကားကိုစီးလိုက်တယ်။
သုံးမှတ်တိုင်ပဲ စီးရမှာမို့ ဘာကားဖြစ်ဖြစ်တက်စီးလိုက်လည်းကိစ္စမရှိပေမယ့် ထိုင်ခုံတော့ရအောင်သွားထိုင်လိုက်တယ်။

မှတ်တိုင်ရောက်တော့ ဘဲလ်နှိပ်ပြီးဆင်းလာခဲ့တယ် ။

မနေ့က ဆုံးဖြတ်ချတ်ချထားတယ့်အတိုင်းသူ့ရှိတယ့် မုန့်ဆိုင်ရှေ့လမ်းကဖြတ်မသွားတော့ပဲ တခြားမှတ်တိုင်တစ်ခုမှာ ဆင်းပြီး အတွင်းလမ်းကလျှောက်လာရင်း "အရေးမပါတယ့်လူတစ်ယောက်အတွက်များငါဘာလို့ဒီလောက်ဒုက္ခခံနေတာပါလိမ့်" လို့ တွေးမိတော့ ရယ်ချင်လာတယ်။
တကယ်ပဲ အရေးမပါတာလားမေးပြန်တော့လည်း ဘာမှတိတိကျကျအဖြေမထွက်လာခဲ့ဘူး ။

ဒီလို ဘာမှမဟုတ်တယ့်အခြေအနေတစ်ခုကနေရပ်တန့်ချင်ပြီ။

ထီးစောင်း ၊ အထုပ်တွေဆွဲရင်း လမ်းထဲချိုး‌ဝင်လိုက်ပြီး ညနေဘက်လည်း ဒီလမ်းကပဲပြန်ဖို့စိတ်ကူးလိုက်တယ်။
ဝပ်ရှော့ရုံရှေ့မဖြတ်ရတော့ စိတ်ထဲ ပေါ့ပါးသွားသလိုလိုပါပဲ။
"သူများ ဒီနေ့ထိုင်နေဦးမလား "တွေးမိပြန်တော့ စိတ်ထဲသိပ်မပျော်တော့သလို ။
"ညနေ ထပ်ထိုင်ပြီး စောင့်နေရင်ရော"
အဲ့လိုအတွေးတွေထဲ ကိုယ့်ကိုယ်ကိုချောင်ပိတ်မနေချင်တော့ဘူး။
"ငါ့ဆုံးဖြတ်ချတ် ငါလိုက်နာမယ် "လို့ ကိုယ့်ကိုယ်ကိုအားပေးရင် အိမ်ထဲဝင်ဖို့ပြင်လိုက်တယ်။
ဒါပေမယ့် အစိုးမရတယ့်စိတ်ဟာ ချက်ချင်းတန်းမဝင်ဘဲ ရှေ့နည်းနည်းဆက်လျှောက်ပြီး လမ်းအကွေ့လေးကနေ မုန်ဆိုင်ရှေ့ ခုံတန်းလျားကပုံရိပ်လေးကိုလှမ်းကြည့်ဖြစ်လိုက်ပါသေးတယ်။
"သူတကယ်ပဲ ဆွတ်ကျယ်အဖြူဝတ်ထားတာပဲ"
ကိုယ့်ဘာသာတီးတိုးပြောရင်း အိမ်ထဲဝင်ခဲ့လိုက်တယ် ။

ဒီလိုတစ်နေ့ရှိလာလိမ့်မယ်။
ကိုယ်လည်းအဲ့ဒီလမ်းကမဖြတ်ဖြစ်တော့ဘူး။
သူလည်း အဲ့ဒီမုန့်ဆိုင်ရှေ့ခုံတန်းလျားမှာမထိုင်ဖြစ်တော့ဘူး။ ညနေအိမ်ပြန်ချိန်က ပုံမှန်လိုနေ့တစ်နေ့ဖြစ်ပြီး ကျောင်းပိတ်ရက် အိမ်လာလည်တာကလည်းသာမာန်နေ့တစ်နေ့ဖြစ်သွားခဲ့မယ်။ လမ်းမှာ တစ်ခါတစ်လေဆုံဖြစ်ကြတာမျိုးရှိလာပေမယ့် ဟိုးတစ်ချိန်ကလိုထူးခြားတယ့်ခံစားချက်တွေမရှိတော့တယ့်နေ့မျိုးပေါ့ ။ အဲ့လိုတွေးကြည့်ပြန်တော့လည်းဝမ်းနည်းလာသလိုလိုပဲနော် ...

မျက်လုံးချင်းဆုံခဲ့တယ်။
အကြည့်ချင်းဖလှယ်ခဲ့ကြတယ်။
ညနေတိုင်းမျှော်နေမိခဲ့တယ်။
ပြီးတော့ရော .......

ပြီးတော့ .....

သူလည်း ငါ့ကို မေ့သွားခဲ့လိမ့်မယ် ။ ။။


Thank you so much^_^

#1632_words


© Usagi 1485,
книга «Short stories».
အနီရောင်
Коментарі