လမ်းထိပ်မုန့်ဆိုင်
အနီရောင်
နှင်းဖန်လုံး
နှင်းဖန်လုံး
သာယာနာပျော်ဖွယ်ကောင်းသောတီးလုံးသံကပျံ့လွင့်နေသည်။
နှင်းဖွဲဖွဲလေးများကကျွန်တော်တို့နှစ်ယောက်ပေါ်ညင်သာစွာဖွဲဖွဲလေးကျနေ၏။

ပထမဆုံးပဲ။
ဒါပထမဆုံးမြင်ဖူးတာပဲ။

မှောင်မဲအထီးကျန်ဖွယ်ကောင်းသောကျွန်တော့်ဘဝထဲသို့ ဒီလို ကံကောင်းခြင်းမျိုး ရောက်လာမည်ဟု မမျှော်လင့်မိ။

သူမသည်ပန်းစည်းတစ်စည်းအားကိုင်ထားပြီး ဂါဝန်အဖြူကိုဝတ်ထားသည်။‌ထုံးဖွဲ့ထားသောဆံပင်ထက်တွင် ဇာပဝါအဖြူရောင်ကို ချထားပြီး ဖူးငုံငုံနှုတ်ခမ်းလေးများက ပန်းနုရောင်သန်းနေ၏။
နှင်းမှုန်လေးများသည်ကိုယ်ပေါ်တွင်ပျံ့ကြဲနေပြီးတီးလုံးသံလွင်လွင်က သူမနှင့်ပိုလိုက်ဖက်နေသည်။

လှပစွာ ။

သိမ်မွေ့နူးညံ့စွာ ။

သံပတ်အကုန်၌တီးလုံးသံလည်းဆုံးပြီး ကျွန်တော်တို့တစ်ဖန်ကျောခိုင်းနှုတ်ဆက်လိုက်ရပြန်၏။

သို့သော်လည်း နောက်ထပ်တစ်ဖန်ပြန်တွေ့နိုင်သည်ဟူသောမျှော်လင့်ချက်ကြောင့်ပျော်ရွှင်နေမိသည်။
______________________________________________________________________
‌"ဝေ . .သဘောကျရဲ့လား"

“အင်း..ချစ်စရာလေး”

သတို့သားနှင့်သတို့သမီးသည် ကျောချင်းကပ်ရပ်နေကြပြီး သံပတ်လှည့်လိုက်မှသာ တီးလုံးသံနှင့်အတူအရုပ်လေးများသည်ကွဲထွက်သွားကြပြီး မျက်နှာချင်းဆိုင်လိုက်ကြသည်။ လှုပ်ခါလိုက်ပါက နှင်းမှုန်လေးများကဝေ့ပျံလာကြ၏။

ဖန်လုံးလေးအားကြည့်ရင်း ဝေသည် ပျော်ရွှင်နေပုံရသည်။
အထက်၊အောက်သေချာဂရုတစိုက်စစ်ရင်း သံပတ် အလုပ် လုပ်၊မလုပ်ကိုပါ စစ်ဆေးနေ၏။

“ဝေကြိုက်တယ်ဆို ယူလိုက်တော့မယ်နော်”

ဝေသည် ပြုံး၍ခေါင်းညိတ်ပြီးသဘောတူကြောင်းပြသည်။ထို့နောက် ဆိုင်အတွင်းထဲရှိ အခြားသော တိုလီမုတ်စသေးသေးလေးများအား လိုက်ကြည့်နေလေသည်။

ဆိုင်လေးသည်အမှတ်တရလက်ဆောင်ပေးဖို့အတွက် လူငယ်တွေသဘောကျချင်စရာဆိုင်မျိုးဖြစ်ပြီး
ပစ္စည်းများမှာလည်း ချစ်စဖွယ်ကောင်းလှသည်။

“‌ေဝ သွားကြမယ်”

အရုပ်အကြီးကြီးတစ်ခုအားငေးကြည့်နေသည့် ဝေသည် ကျွန်တော့ခေါ်သံကြားတော့ လှည့်လာလေသည်။

“မောင် သွားမယ်”

“အင်း .လာ”

ကျွန်တော့်လက်ဖဝါးအတွင်းသို့ သူမလက်ကလေးအားဆုပ်ကိုင်လိုက်ရင်းလွှဲလိုက်သည်။
ဝေသည် တစ်ခါတစ်ရံ၌ချစ်စဖွယ်ကလေးလေးပင်။
                ______________________________________________________________________

“တူ့ တူး တူး တူ့ တူ တူ့”

ခြေသည်းနီဆိုးနေရာမှ Video callဝင်လာသဖြင့် ဖုန်းစခရင်အားလှမ်းကြည့်လိုက်သည်။
ဖုန်းခေါ်သည့်သူမှာ ဇင်မာဖြစ်နေ၍ စခရင်အားဆွဲလိုက်ပြီး ပျင်းရိလေးတွဲစွာဖြင့် ဟဲလို လုပ်လိုက်သည်။

“ဟဲ့ နှင်းဝေ နင်ဘာရလဲ”

“ဘာကိုရ , ရမှာလဲဟ”

စလာတာနဲ့ အရင်းမရှိအဖျားမရှိမေးနေသည့် ဇင်မာကြောင့် စိတ်ရှုပ်စွာဖြင့် ဂရုမစိုက်သလို ဖြေလိုက်သည်။
ကုတင်ဘေးရှိခုံပုလေးတွင်ထိုင်ပြီးခြေသည်းနီဆိုးနေတာကြောင့် ဖုန်းကိုလက်တွင်မကိုင်အားပဲ ကုတင်ပေါ်တွင် ဒီအတိုင်းသာထားထားလေသည်။

“ဟဲ့ နင်မျက်နှာ ငါ့ပြစမ်းပါ”

“ပြချင်ဘူး”

ဘာကို စိတ်အလိုမကျသည်မသိ ဘုနှင့်ဘောက်သာပြောချင်နေသည် ။
ကြက်သွေးရောင်ခြေသည်းနီများသည်နောက်ဆုံးကျန်သည့် ခြေသန်းကျမှ အသားတွင် အနည်းငယ်ပေကျံသွား၏။

“ဘာဖြစ်နေတာလဲ အသံက ။ နင့်မျက်နှာတော် ငါဖူးပါရစေဟယ်”

ဇင်မာသည်စိတ်မရှည်သည့်အသံဖြင့်‌ပြောလာသဖြင့်  ဖုန်းအားယူကိုင်လိုက်၏။
ဆူပုတ်ပုတ်မျက်နှာ‌ထားနှင့်ဝေဝေကြောင့်ဇင်မာမှာ ဝေခွဲရခက်သွား၏။

မနက်ကမှ ဇင်မာ့အား အားရဝမ်းသာဖုန်းဆက်၍ သူနှင့်ကိုမောင်လွင်တို့  ဒိတ်လုပ်ကြမှာဆိုပြီး ပြောနေခဲ့‌ေသးသည်။ကိုမောင်လွင်က ရက်တစ်ရာပြည့်
အန်နီဗာစရီအတွက် အလုပ်ကတောင် ခွင့်ယူထားသေးသည်ဟုလည်း ပြောတာကို အမှတ်ရမိသည်။
မယ်မင်းကြီးမက ဘာကိုအလိုမကျသည်မသိ နှုတ်ခမ်းဆူနေ၏။

“ဘာလို့လဲ နှင်းဝေ”

“ငါမပြောချင်ပါဘူး ဇင်မာရယ်”

မပြောချင်ပါဘူးဆိုသေချာပြီ ဒီည အိပ်ရာဝင်နောက်ကျနိုင်၏။

‌”ကိုမောင်လွင်ပေါ့ဟာ ။ ဘာမှကို အလိုက်မသိဘူး"

“ဟဲ့ ဘာဖြစ်လို့တုန်း ကိုမောင်လွင်က ။ သူက သဘောကောင်းပြီးနင့်အပေါ်ချစ်ရှာပါတယ်ဟယ်”
Video callတစ်ဖက်မှဇင်မာသည် နှင်းဝေအား စကားထောက်ပေးလိုက်၏။

“နင်မသိပါဘူးဟာ ။ ငါသူ့ကို မချစ်တော့ဘူးထင်ပါတယ် ။ သူက ရိုးရိုးအအနဲ့ ငါ့စတိုင်မဟုတ်တာသေချာတယ်”
နှင်းဝေအပြောကြောင့်ဇင်မာ မျက်လုံးပြူးသွားရ၏။

ယခင်က သူကိုငါပြတ်တော့မယ် ‌ဟု နှင်းဝေခဏခဏပြောတတ်သောငြားစိတ်ပြေသွားပါက ငါက
“မောင့်”ကိုမခွဲနိုင်ပါဘူးဟု ပြောတတ်သည့်သူပင်။

“ဘာလို့လဲနှင်းဝေရယ် ။ သူက နင်ကြိုက်တယ့်လက်ဆောင်ဝယ်မပေးလိုက်လို့လား”
ဇင်မာသည် စနောက်၍မေးလိုက်သော်လည်း ဝေသည့် တုန့်ပြန်သံမပေး။

ဝေဝေသည် video callရှိ အရုပ် effectများကို တပ်ရင်း လှ၊ မလှကြည့်နေ၏။
ဇင်မာ့ စကားကြောင့်သူက ကင်မရာရှေ့မှ ခဏပျောက်သွားပြီး တစ်နေနေရာရာထထွက်သွား၏။

“ဒီမှာ သူငါ့ကိုပေးတယ့်လက်ဆောင်”

“ဘာလေးလဲ ။ သေချာပြဟဲ့"

“ဒီဟာလေး နှင်းဖန်လုံးလေး ။ ကလေးကလားနဲ့”

ဝေဝေသည်သူရသည့်လက်ဆောင်အား ရှေ့ထောင်ပြရင်းစူပုပ်ပုပ်မျက်နှာဖြင့်ပြောနေသည်။

“ငါက အရုပ်အကြီးကြီးရှေ့မှာ ရပ်ကြည့်နေတာတောင်သူက ငါ့ကို ဂရုတောင်မထားပါဘူးဟယ်။ အခုတော့ ဒီကလေးကလား ဖန်လုံးနဲ့ပဲကျေနပ်လိုက်ရတယ်။ ငါကျောင်းသူအရွယ်တုန်းက ဒီလိုလက်ဆောင်ရတယ်ဆိုပျော်မိမှာပေမယ့်ဟာ အခု‌ကျတော့  မတူတော့ဘူးဟ”

“အေးပါဟယ်။ တစ်ခြားရော ဘာတွေစားခဲ့ကြသေးလဲ"

“ဘာမှအထွေအထူးမစားခဲ့ပါဘူးဟာ ။ ပုံမှန်လိုပါပဲ။ ငါဒီလောက်ဂျစ်တိုက်ပြီး အန်နီဗာစရီ လုပ်ချင်တာကို သူက suprise လေးတောင်မပြင်ထားဘူးဟာ”

“နင်ကလည်းဟယ် သူက ကလေးသိပ်မဆန်‌တတ်လို့ပါဟာ ။ ပြီးတော့ခွင့်တောင်ယူထားပေးတာပဲကို အဲ့လိုတော့မပြောပါနဲ့။ နှင်းဖန်လုံးလေးကလည်းချစ်စရာလေးပါဟယ်"

“နင်အဲ့လောက်ဖြစ်နေရင် နင်ပဲယူလိုက်တော့ ။ ငါတော့ စိတ်ကုန်သွားပြီ။
ဒါပဲအေ .. ငါ့ကလေးလေး လိုင်းပေါ်တက်လာပြီ ။”

ကလေးလေး!

သူပြောသည့် ကလေးလေးဆိုသည် မည်သူ့ကိုရည်ရွယ်ပြောသည်မသိ။

တစ်ဖက်ရှိစခရင်သည် ဖုန်းချသွားခဲ့ပြီ။

နှင်းဝေဝေ နှင်းဝေဝေ တန်းဖိုးမသိတော့ တန်ဖိုးမထားတတ်ဘူး ။
____________________________________________________________________

“ဝေ ... အိပ်ပြီလား”

“အင်း...အိပ်တော့မလို့ "

သန်းဝေရင်းပြောနေသော တစ်ဖက်ကလူကြောင့် ကိုမောင်လွင် အားနာသွားသည်။

“ဝေ .. ကို့ကို လိုင်းပေါ်မှာ စာလည်းမပြန်ဘူး။ ပြောတော့ခေါင်းမူးလို့ စောစောပြန်မယ်ဆိုပြီး"

“ဘာမှမဟုတ်ပါဘူးမောင်ရယ် ။ ဇင်မာ နဲ့စကားခဏပြောနေတာ။ ဝေအိပ်တော့မယ်။ မောင်လည်း မနက်အလုပ်သွားရမှာမလား အိပ်တော့နော်”

“အင်း.”
ဂွတ်နိုက်ဟုနှုတ်ဆက်မည့် စကားလုံးများသည် နှုတ်ခမ်းဝတွင်ပျောက်သွား၏။

‌"ဝေ ကောင်းကောင်းအိပ်ပျော်ပါစေ"ဟု
တီးတိုးစွာမေတ္တာပို့ရင်း ဖုန်းအားပိတ်လိုက်သည်။

တစ်ဖက်ရှိကြင်နာသူသည် ယခင်ကလိုမချိုသာတော့။

ကောင်းကင်ယံထက်၌ လခြမ်းကွေးသည် အလင်းပေးရန်အစွမ်းကုန်ကြိုးစားနေ၏။

___________________________________________________________________

ဂျွီ.....ဂျွီ .....

အဝါရောင်မီးအလင်းဖျော့ဖျော့သည်အခန်းငယ်အတွင်းတွင်လင်း‌ေနပြီးသံပတ်လှည့်သံကထွက်ပေါ်နေသည်။
အဲကွန်းလေအေးအေးက အခန်းတွင်းလွှမ်းခြုံထားတာကြောင့် ဝေဝေသည် စောင်ကိုလည်ပင်းနားအထိခြုံရင်း poohအရုပ်လေးအားဖက်ထားပြီး ဒီနေ့လက်ဆောင်ရခဲ့သည့်ဖန်လုံးလေးအားကြည့်နေမိသည်။

နားဝင်ချိုသည့်တီးလုံးသံက အခန်တွင်းပျံ့သွားပြီး အရုပ်လေးများသည် စတင်လှုပ်ရှားလာသည်။
ဖန်လုံးလေးအားလှုပ်ခါရမ်းရင်းနှင်းမှုန်လေးများအားကျဆင်းစေလိုက်သည်။

သတို့သား၊သတို့သမီးအရုပ်လေးနှစ်ခုသည် ပူးကပ်သွားလိုက်၊ပြန်ခွာသွားလိုက် ကနေကြသည်မှာပျော်ရွှင်နေသည့်ပုံပင်။
သံပတ် ကုန်သွားသည်နှင့်ကျောချင်းကပ်လျက်ရပ်တန့်သွားကြပြန်သည်။
ထို့နောက်တစ်ဖန် သံပတ်ပေးလိုက်ပါက ထပ်မံရွေ့လျားလာပြန်၏။

____________________________________________________________________

“ငါတို့ထပ်တွေ့ရလို့ ဝမ်းသာလိုက်တာ”

ကျွန်တော့်အပြောကိုသူသည်ပြုံးယောင်သန်းရင်းတုန့်ပြန်လိုက်၏။
စတွေ့တုန်းကလိုပင် သူမသည် နှစ်လိုဖွယ်ကောင်းနေဆဲ။

ငြိမ့်ညောင်းလှသည့်သံစဉ်အောက်တွင်ကျွန်တော်တို့နှစ်ယောက်လှပစွာ ကပြကြလေသည်။

ကျောချင်းကပ်ရာမှ ခွာလိုက်တိုင်းလှိုက်ဖိုသည့် ခံစားချက်ကစိုးမိုးနေသည်။

တွေ့ဆုံမိသည်မှာမကြာသည့်တိုင်နှလုံးသား‌ကတော့ဖြင့်အများကြီးနားလည်နေ၏။

မျက်နှာချင်းတွေ့ဆုံဖို့လှမ်းလာရသည်မှာ ကြာလွန်းလှသည်။

နှင်းမှုန်ဖွေးဖွေးများကြားလှရက်နိုင်လွန်းသော သူမအားထွေးပွေ့ထားချင်လာမိ၏။

ထို့နောက်ခံစားချက်များသည်စကားလုံးများအဖြစ်ပွင့်အန်လာ၏။

သို့သော် ပန်းနုရောင်နှုတ်ခမ်းမှပွင့်အာလာသောစကားလုံးများသည် ဓါးထက်ထက်များအဖြစ်ပြောင်းလဲကာ နှလုံးသားအားထိုးနှက်၏။

ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ခပ်ပြင်းပြင်းအထိနာစေ၏။

တဖွဲဖွဲကျနေ‌သောနှင်းများရပ်သွားပြီး တီးလုံးသံများရုတ်ချည်းပျောက်ကွယ်သွားသည်။
နားထဲ၌သူမစကားတွေသာပဲ့တင်ထပ်နေ၏။

“ငါ ပြန်သွားရမယ့်နေရာရှိတယ်။သူ ငါ့ကိုစောင့်နေဦးမယ်လို့ထင်တယ်”

“ဘယ်သူလဲ”

ယခုဖန်လုံးထဲသို့ ပြောင်းလဲတပ်ဆင်ခြင်းမခံရမီတွင် သူမသည် တစ်လက်လက်တောက်ပနေသောရဲတိုက်ရှိသည့်ဖန်လုံးထဲမှလာခဲ့ခြင်းဖြစ်ပြီး ထိုနေရာကိုသာပြန်သွားရန် ဆန္ဒရှိသူဖြစ်သည်။

သူမနေထိုင်ရာဖန်လုံးသည် နှင်းဖြူဖြူများအစား အရောင်စုံလင်သည့်အမှုန်လက်လက်များတဖွဲဖွဲကြပြီး ယခုထက်ပိုကောင်းသည့်တီလုံးသံလည်းရှိသည်ဆို၏။

လှပသည့်သက်တန့်ရောင်ရဲတိုက်တစ်ခုလည်းပိုင်ဆိုင်ထားပြီး မီးရောင်လေးများလည်းလင်းကာ ဖန်လုံးအတွင်းရှိသတို့သားအားလည်း ချစ်နေမိခဲ့ပြီဟုလည်း ဖွင့်ဟလာ၏။

ဒီတစ်လျှောက်လုံးကျွန်တော့ဘက်ကသာ ပျော်ရွှင်နေခဲ့ပြီးကျွန်တော့်ဘက်ကသာ မျှော်လင့်တစ်ကြီးဖြစ်နေခဲ့သည်သာ .....။

သံပတ်သံအဆုံး ကျွန်တော့်တို့နှစ်ယောက်ကျောခိုင်းလိုက်၏။

တီးလုံးသံသည်လည်းဆိတ်သုဉ်း၍နှင်းမှုန်လေးများသည်လည်းကွယ်ပျောက်သွားလေပြီ။

ဂျွီ ....ဂျွီ....ဂျွီ

ဂျလောက်... ဒတ် .. ဒတ် ..

သံပတ်ပေးသံသည်အဆုံးထိမရောက်။

လမ်းတစ်ဝက်တွင် တစ်ပတ်ပြန်လည်လာပြီး  ဆက်လှည့်၍မရတော့ချေ။

နှင်းဖန်လုံးလေးသည်ရပ်တန့်သွား၏။

ကျွန်တော်နှလုံးသားလည်းရပ်တန့်သွား၏။

တစ်ဦးတည်းကသာစခဲ့သောဇာတ်လမ်း တစ်ဦးတည်းသာအဆုံးသတ်ရတော့၏။

လှမ်းခဲ့သောခြေလှမ်းတို့အားရုတ်သိမ်း၍ဆိတ်ဆိတ်သာနေလိုက်တော့သည်။

မြင်ခဲ့ဖူးသောအလင်းတန်းအားမျက်လုံးမှိတ်၍ အမှောင်ထဲသို့သာတိုးဝင်လာခဲ့သည်။

ဘယ်တုန်းကမှ မသိခဲ့ဖူးသလို ...

ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို....

__________________________________________________________________

“ဝေ ..မောင်ရောက်ပြီ”

“အင်း ရတယ်....မောင်စောင့်နေမယ်”

စခရင်ထက်ရှိ ဝေ့ ပုံလေးအားကြည့်ရင်း သက်ပြင်းချမိသည်။

မနက်ကတည်းကပြောစရာရှိ၍တွေ့ကြမည်ဟုပြောလာသောကြောင့် အခုရောက်နေခြင်းဖြစ်သော်လည်း အကြောင်းအရင်းမရှိရင်ထဲမောဟိုက်နေ၏။

သူပြောလာမည့်စကားအားလည်း စိတ်ထဲအဆင့်သင့်ဖြစ်နေစေရန် အသင့်ပြင်ထားမိ၏။

ဒီနေ့မှ ရာသီဥတုသည် ပို၍ပူနေသယောင်ပင်။

သူမဆိုင်အတွင်းထဲသို့ဝင်လာသည်ကိုမြင်နေရ၏။

ဒူးအထက်တွင်‌ေဝ့ဝဲနေသည့်အဝါရောင်ဂါဝန်လေးကိုဝတ်ထားကာ ဒေါက်ဖိနပ်အဝါရောင်အားစီးထား၏။ ဖြူဖြူလုံးလုံးသူမနဲ့ ချစ်စရာအသွင်ဆောင်နေ၏။

အဝါရောင်လက်သည်းနီများဆိုးထားလေမလားဟုတွေးမိတော့ ပြုံးမိသွားသည်။

အဖြူရောင်လက်ကိုင်အိတ်အားကိုင်ထားပြီး ခရမ်းရောင်ဟိုက်လိုက်ဖောက်ထားသော ဆံပင်ရှည်တို့သည် လေအဝေ့၌လွင့်မြူးနေ၏။

မြင်ရသည်မှာ ရင်သက်ရှုမောဖွယ်ကောင်းလှသည်။

လှသည်။

မြတ်နိုးသည်။

သူမသည်တန်ဖိုးထားချစ်ခင်ချင်စဖွယ်။

“မောင်.. ဘာတွေငေး”
အပြုံးလေးအားလှစ်ဟပြရင်း စကားသံလွင်လွင်တို့ဆိုလာ၏။

မောဟိုက်နေသောရင်အတွက် အမောပြေအိုအေစစ်ပင်။

“ဘာတွေများပြောချင်လို့ ကိုယ့်ကိုချိန်းလိုက်တာတုန်း”

အပြုံးမပျက်သော သူမသည် ကော်ဖီအေးတစ်ခွက်အား‌ေရခဲများများထည့်၍အချို‌ေလျာ့‌ေပးရန်မှာ‌ေနသည်။

ကြက်သွေးရောင်ဆိုးထားသောလက်သည်းနီကြောင့် ကိုယ့်ကိုယ်ကိုလည်းရယ်ချင်သွား၏။

တစ်ယောက်နှင့်တစ်ယောက် စကားလည်းမဆိုမိကြသလို အကြည့်ချင်းလည်းမဆုံမိ။

မှန်ပြတင်းအပြင်ရှိ ဥဒဟိုသွားနေသောကားများကိုသာငေးကြည့်နေမိ၏။

သူမသည် တစ်စုံတစ်ရာပြောဖို့အားယူနေပုံရပြီးကျွန်တော်ကမူ ထိုစကားအားနားထောင်ဖို့အတွက်အားယူနေရ၏။

“အစ်မ ..ice-coffee”
ဝိတ်တာကောင်လေး၏စကားသံသည်နှစ်ယောက်လုံးအားလှုပ်နိုးလိုက်သလိုပင်။

ဝေသည် “ကျေးဇူး”ဟု တုံ့ပြန်လိုက်ပြီး ပိုက်ဖြင့်အအေးအားမွှေနေ၏။
ကျွန်တော်အားယခုထက်ထိမကြည့်သေး။

“ဝေ”
တိတ်ဆိတ်နေသောလေထုအားစတင်ဖြိုခွဲလိုက်၏။

“‌ေမာင် ‌ဒီဟာ”
စားပွဲပေါ်တင်၍ဗူးတစ်ဗူးအားတွန်းပေးလာ၏။
ဖွင့်ကြည့်လိုက်တော့မြင်ရသည်မှာ အသက်ရှူ‌သံကိုလေးပင်သွားစေသည်။

“ဟင်..မနေ့ကဖန်လုံးလေးပဲ ။ ဝေ မကြိုက်လို့လား ။ ဘာလို့လဲ”
ဝေ့အားမေးရင်း သံပတ်ပေးရသည့်အတံလေးအားလှည့်လိုက်၏။

သံပတ်သည်အလုပ်မလုပ်တော့။
လှုပ်ခါရမ်းမှုကြောင့်ကျဆင်းနေရသော နှင်းဖွဲဖွဲများမှာ စိတ်မပါသည့်ပုံ။

“မောင် ..ဝေတို့ ရပ်လိုက်ကြရအောင်”

အခန်းတွင်းလေထုသည်မသက်မသာလေးလံလာ၏ ။

မည်ကဲ့သို့တုန့်ပြန်ရသည်ကို အသည်းအသန်တွေးနေရသောကြောင့် ဝေ့ အား မကြည့်မိ။

ဝေသည် ကျွန်တော့လက်အား ဆုပ်ကိုင်လာသည်။

“မောင် ... ဝေက မကောင်းတာပါ ။ ဝေကိုပဲ နာကျည်းပါ ။ ဝေ့ကိုပဲမုန်းပါ။”

“မောင့်ကို မချစ်နိုင်တော့တယ့်ဝေ့ကိုသာအပြင်တင်ပါ မောင် "
ဝေ့မျက်လုံးတွင် မျက်‌ရည်များရစ်ဝိုင်းနေ၏။

ကျွန်တော့်လက်အားဖွဖွကိုင်ထားသော ဝေ့
ရဲ့လက်များရုတ်သိမ်းသွားသည်ကို ငေးကြည့်နေမိ၏။

“ဝေ့ကို နားလည်ပေးပါမောင်”

ခုံတွန်းသံအားကြားလိုက်၏။

ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်ကိုလည်းကြားလိုက်၏။

ဝေဝါးနေသော ရှေ့မြင်ကွင်ကြားမှ အဝါရောင်လေး တစ်ရွေ့ရွေ့ထွက်ခွာသွားသည်အားလည်းမြင်လိုက်၏။

မတားမိ။

ဘာကြောင့်လဲဟုမမေးမိ။

အဖြူ၊အစိမ်းဝတ်စုံလေးနှင့် စတိုးဆိုင်ရှိ နှင်းဖန်လုံးလေးအား ငေးကြည့်နေသူကိုသာ မြင်ယောင်လာ၏။

ယခုတော့ နှင်ဖန်လုံးလေးသည် ငြိမ်သက်လျက်။

အရှေ့ရှိIce-coffeခွက်သည် ရေငွေ့များဖြင့် အေးခဲလျက်။

နှလုံးသားတစ်စုံသည်လည်း ကွဲအက်လျက် .............


                                         မပြောမိ ချစ်စကား

                                            ရင်မှာထားလည်း

                                           နာကျည်း အမုန်း

                                   ဆိတ်ဆိတ်သုဉ်းလျက်

                                          အပြုံးဖြင့်ဝေစေ

                                             မေတ္တာတွေ

                        တစ်နေ့ ဆိုင်သူ နားလည်စေ ...

                                           

                          Thank you so much^_^

                                          #2507words

















© Usagi 1485,
книга «Short stories».
Коментарі