Ami (Zawgyi code)
Ami (Unicode)
Ami (Unicode)
#Unicode


"ကဲ...အခုကတော့ အားလုံးစောင့်မျှော်နေကြတဲ့ question and answer timeပဲဖြစ်ပါတယ်။ ပရိသတ်တို့ရေ....readyပဲလား?"

စင်မြင့်ပေါ်မှ ထွက်ပေါ်လာသော MC၏အမေးသံအဆုံးတွင် စင်မြင့်အောက်မှ ပွဲလာပရိသတ်တို့၏ တခဲနက်အားပေးသံကြီးသည် ခန်းမတစ်ခုလုံးအနှံ့ မြည်ဟိန်းသွားခဲ့သည်။

"Mr.Jackရေ....ခင်ဗျားရဲ့ပရိသတ်တွေကတော့ စိတ်လှုပ်ရှားနေကြပြီ။ ခင်ဗျားကရော"

ပြုံးရွှင်ကာမေးလာသော MC၏အမေးကြောင့် စင်မြင့်ထက်ရှိ ထိုင်ခုံပေါ်တွင်ထိုင်နေသော အသက်ခြောက်ဆယ်အရွယ် အဘိုးအိုဆီမှ အပြုံးယဲ့ယဲ့လေး ထွက်ပေါ်လာသည်။

"ကျွန်တော်လည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်"

အဘိုးအိုတစ်ဦးဖြစ်သည့်အလျောက် ထွက်လာသော စကားသံမှာ တုန်ရီနေသည့်တိုင် ထိုသူ၏အပြုံးမှာတော့ ကောင်းကင်တွင် ထွန်းလင်းသည့် နေမင်းကြီးအလား တောက်ပလျက်ရှိသည်။

"ဒါဆို မေးခွန်းလေးတွေ စလိုက်ရအောင်။ ဒီနှစ်မှာထုတ်ဝေထားတဲ့ Mr.Jackရဲ့'Ami'ဆိုတဲ့ စာအုပ်လေးက တစ်နှစ်လုံးအတွက် အရောင်းရဆုံးစာအုပ်စာရင်းမှာ ထိပ်ဆုံးကနေရပ်တည်နေတာနော်။ ဒီစာအုပ်လေးကို ရေးဖြစ်ခဲ့တဲ့ အဓိကအကြောင်းရင်းလေးများရှိရင် ပြောပြပေးပါဦး"

သွက်လက်စွာပင်မေးလာသော MCကောင်လေး၏အမေးအဆုံး၌ အဘိုးအိုဟာ တစ်ခဏငြိမ်သက်သွားသည်။ တွေဝေနေဟန်တူသော အဘိုးအိုဟာ တစ်ခဏအကြာတွင်တော့ တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်ထားဟန် သက်ပြင်းလွလွချကာ ခေါင်းညိမ့်ပြလာခဲ့သည်။

"ရှိတာပေါ့။ ဒီစာအုပ်ကို ရေးခဲ့တာက ကျွန်တော့်နှလုံးသားတစ်ခုလုံးနဲ့ပါ"

လွမ်းဆွေးစွာပြောလာသည့် အဘိုးအို၏အဖြေကြောင့် ပရိသတ်များသာမက MCကောင်လေးပင် သိချင်စိတ်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။

"စာအုပ်ရဲ့နာမည်က 'Ami'...အဓိပ္ပါယ်ဖွင့်ဆိုချက်အရတော့ သူငယ်ချင်းဖြစ်ပေမယ့် ဒီစာအုပ်ဟာ သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်က 'amour'ကို ရေးဖွဲ့ထားတယ်ဆိုတာ ဒီစာအုပ်ကို ဖတ်ဖူးတဲ့သူတိုင်း သိကြမှာပါ။ "

အဘိုးအိုဟာ သူ့စကားကို ခဏရပ်ထားပြီး စင်အောက်တွင် ရှိနေသော ပရိသတ်များအား တစ်ချက်လှည့်ကြည့်သည်။ ပြီးသည်နှင့် တစ်စုံတစ်ခုကို နားလည်သည့်ဟန် ယဲ့ယဲ့လေးပြုံးကာ စကားဆက်သည်။

"အခုဒီမှာရှိနေတဲ့လူတိုင်း အချစ်ဆိုတာကို ခံစားဖူးမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီ့တော့ အချစ်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြလဲ။ ပိုင်ဆိုင်ခြင်း၊ မြတ်နိုးခြင်း၊ တွယ်တာခြင်း စသဖြင့် အမျိုးမျိုးသတ်မှတ်ကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အချစ်ကို 'သူ'လို့ပဲ အဓိပ္ပါယ်ဖွင့်ဆိုမိတယ်။ လူတစ်ယောက်က တစ်စုံတစ်ဦးအပေါ် ချစ်မြတ်နိုးမိပြီဆိုရင် အဲဒီ့လူပျော်ဖို့အတွက် ဘာမဆိုလုပ်ပေးမိမယ်။ ကိုယ့်ဘက်က စွန့်လွှတ်ပေးမှ သူပျော်မယ်ဆိုရင်တောင်မှ မြတ်နိုးရတဲ့လူပျော်ဖို့အတွက် ကိုယ်ကစွန့်လွှတ်ပေးမိမှာပါပဲ"

ပြုံးပြုံးလေးပင် စကားဆက်နေသော အဘိုးအို၏ပုံစံမှာ နာကျင်နေသည်လည်းမဟုတ်၊ ပျော်ရွှင်နေသည်လည်းမဟုတ်၊ လွမ်းဆွေးနေသော မျက်ဝန်းအစုံဖြင့်သာ။

"ဒီစာအုပ်လေးကို ရေးဖြစ်ခဲ့ရတဲ့အကြောင်းကို ပြောပြရမယ်ဆိုရင်တော့ တော်တော်လေးကိုရှည်ပါတယ်။ ဒီတော့ ကျွန်တော့်ဘဝရဲ့ဒုတိယအကြိမ်မြောက် မွေးဖွားခြင်းကနေ စပြောကြတာပေါ့"

မျက်ဝန်းအိမ်မှ မျက်ရည်ကြည်လေးကို ဆွယ်တာလက်ရှည်၏အနားစလေးဖြင့် အသာသုတ်ကာ ဆိုလာသော အဘိုးအိုJack၏အတွေးတို့သည်ကား လှပသည်ဟုမဆိုသာသော အလင်းအမှောင်ရောယှက်နေသည့် အတိတ်ကာလများဆီသို့ ပျံ့လွင့်လျက်.....။

ထို့နေ့.....။ ထိုနေ့ဟာ သေဆုံးနေသော သူ့ဘဝကြီး ပြန်လည်အသက်ဝင်လာခဲ့သော နေ့လေးပင်။

မွေးကတည်းက အကြားအာရုံချို့ယွင်းသော သူ့အတွက် ကမ္ဘာကြီး၌ နေစရာဟူ၍မရှိပေ။ အဒေါ်ဖြစ်သူ၏မိသားစုထံ၌ ကြီးပြင်းခဲ့ရသော မိဘမဲ့ဖြစ်သည့်သူသည် ထိုမိသားစု၏ဒေါသတို့ စုပုံရာလေးသာ။ အတိတ်ဘဝက အကုသိုလ်များခဲ့သည်ကြောင့်ထင်၊ ကျောင်းနေအရွယ်တွင်လည်း Jackဟူသည့်သူသည် အတန်းဖော်တို့၏ အနိုင်ကျင့်ခံလေးသာ။ အကြားအာရုံချို့ယွင့်နေသည့်သူ့အတွက် စာသင်ကြားခြင်းဟူသည် 100percentမဖြစ်နိုင်သော အရာတစ်ခုဖြစ်သည်။ သို့ပေသော်ငြား အရာအားလုံး၏ အနိုင်ကျင့်ခံဘဝမှ လွတ်မြောက်နိုင်ရန်အတွက် အဓိကတံခါးပေါက်သည် ပညာသာဖြစ်နေသည့်အတွက် နေ့စဉ်ဟူသမျှကို ရင်ဘတ်ထဲမှသွေးများယိုစိမ့်သည်အထိ ကြိတ်မှိတ်ကာ သည်းခံကျော်ဖြတ်လာခဲ့သည်။

အတန်းရှေ့၌ သင်ကြားနေသမျှကို ကြားနိုင်စွမ်းမရှိသောသူသည် ပတ်ဝန်းကျင်ရှိလူတို့၏ပါးစပ်လှုပ်ရှားပုံကိုကြည့်ပြီး အမြင်အာရုံအား အကြားအာရုံအဖြစ်သို့ ပြောင်းလဲကာ ကျောင်းစာများကို လိုက်နိုင်ရန် သာမန်လူများထက် အဆပေါင်းများစွာ ကြိုးစားခဲ့ရသည်။ အကြားအာရုံချို့ယွင်းနေသည့်အတွက် ဘုရားသခင်အား အပြစ်မတင်အားဘဲ အမြင်အာရုံကောင်းမွန်နေမှုကိုသာ ကျေးဇူးတင်နေမိသည်။

နှစ်စဉ်နှစ်တိုင်း ပြောင်းလဲသွားခြင်းမရှိသော ပတ်ဝန်းကျင်တစ်ခွင်မှ လူတို့၏လှောင်ပြောင်သံတို့အား ချို့ယွင်းနေသောအကြားအာရုံဖြင့် လျစ်လျူ ရှုလျက် မသေချာမရေရာသောနေ့ရက်များအား ဆက်လျှောက်လှမ်းမိသည်မှာ အထက်တန်းနောက်ဆုံးနှစ်ရောက်သည်အထိပင်။

သို့သော်လည်း ဘုရားသခင်ဟာ Jackဆိုသည့်လူသားအပေါ် အပြစ်ပေးလို့မဝသေးဘူးထင်ပါရဲ့။ အရက်မူးနေသော ဦးလေးဖြစ်သူ၏လက်ချက်ကြောင့် မျက်လုံးပေါ်သို့ကျရောက်လာသည့် ဘီယာပုလင်းကွဲနောက်တွင် အလင်းရောင်ရနေသည့် မျက်ဝန်းတစ်ဖက်သည် တစ်သက်တာအတွက် မှောင်မိုက်ခြင်းထံသို့ ရောက်ရှိသွားခဲ့ရသည်။

ကျောင်းသွားရန်အတွက် လဲဝတ်ထားသော ကြေမွနေသည့်အကျီၤအဖြူ လေးဟာ သွေးရောင်လွှမ်းသွားသည့်တိုင် ဖေးမပေးမည့်လက်တစ်စုံပင် ရှိမလာခဲ့။ အားငယ်စိတ်၊ ကြောက်လန့်စိတ်နှင့် နာကျည်းစိတ်များ စုပုံလာသောအခါ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်၏ ရွေးချယ်ရာလမ်းသည် မရဏလမ်းသာဖြစ်နေတော့သည်။

သွေးစက်လက်ဖြင့် နာကျင်နေသော မျက်ဝန်းတစ်ဖက်အား အုပ်ကိုင်လျက် မျက်ရည်များစီးကျကာဖြင့် လမ်းတစ်လျှောက်၌ ဦးတည်ရာမရှိ ပြေးလွှားနေခဲ့မိသည့်တိုင် ကူညီဖေးမပေးမည်ဝေးစွ၊ မျက်နှာမဲ့၍ နှာခေါင်းရှုံ့နေကြသူများဖြင့်သာ ကမ္ဘာကြီးဟာ ပြည့်နှံ့လို့နေသည်။ နောက်ဆုံးနားလည်လိုက်မိသည့် 'ကမ္ဘာကြီးဟာ စိတ်နှလုံးသားမည်းသူများဖြင့်သာ ရှင်သန်လည်ပတ်နေသည်'ဟူသောအသိကား သူ့အား မျှော်လင့်ချက်ကင်းမဲ့သောသေခြင်းတရားဆီသို့သာ ပေးပို့လာခဲ့သည်။

"Rest in hell"

နှုတ်ဆက်ရမည့်သူမရှိ၊ သေရင်အလောင်းကောက်ပေးမည့်သူမရှိသောဘဝအား နာကျင်သောအပြုံးဖြင့်သာ သူနှုတ်ဆက်လိုက်မိသည်။ လေထဲသို့ဆန့်တန်းမိသော လက်နှစ်ဖက်၊ ကျောင်းခေါင်မိုးပေါ်မှ လေထုထဲသို့ ဦးတည်မိသော ခြေတစ်လှမ်းနှင့်အတူ Jackဟူသော ဆယ်ကျော်သက်အရွယ်ကောင်ငယ်လေးသည်လည်း ရှစ်လွှာအဆောက်အဦးခေါင်မိုးပေါ်မှ မြေပြင်ရှိရာဆီသို့ ကြားခံနယ်မလိုဘဲ သက်ဆင်းလာခဲ့ပြီ။သို့သော်......

"မင်း ရူးနေလား"

သူ့လက်အားလှမ်းဆွဲလိုက်သော သွေးကြောစိမ်းများထင်းနေသည့် လက်တစ်ဖက်နှင့်အတူ မကြာသေးခင်ရက်ကမှ တပ်ဆင်ခွင့်ရခဲ့သည့် နားကြားကိရိယာမှတစ်ဆင့် နားထဲသို့ဝင်ရောက်လာသော မောဟိုက်နေသည့်အသံကြောင့် သူ့အကြည့်တို့သည်လည်း အသံပိုင်ရှင်ဆီသို့ ရောက်ရှိသွားခဲ့သည်။

"ရူးနေလား ဟေ့ကောင်...တက်ခဲ့စမ်း"

ပါးစပ်မှလည်း ဆူပူလျက် လေထဲ၌တန်းလန်းဖြစ်နေသည့် သူ့အား အားကုန်သုံးကာဆွဲတင်ရင်း ဆဲဆိုလာသည့် ထိုကောင်လေးအား သူကြောင်ကြည့်နေမိသည်။

လူကောင်သေးသေးလေးနှင့် သူ့အား အပေါ်သို့ရောက်အောင် အသားကုန်ဆွဲတင်နေသည့် ထိုကောင်လေးမှာ မည်သူမှန်းတော့သူမသိပေမယ့် ထိုကောင်လေးသည် 'ကမ္ဘာကြီးဟာ နှလုံးသားမည်းသူများဖြင့်သာ ရှင်သန်လည်ပတ်နေသည်'ဟူသော သူ့အသိအား ပြောင်းလဲစေနိုင်ခဲ့သူဖြစ်သည်။

ထိုအချိန်က ခေါင်မိုးပေါ်သို့ ဆွဲတင်ပြီးပြီးချင်း သူ့ထံသို့ပစ်ကျွေးခဲ့သော ထိုကောင်လေး၏လက်သီးတစ်လုံးသည် သူ့ဘဝတစ်ခုလုံး၏ ပြောင်းလဲခြင်းလမ်းစပင်ဖြစ်ပေတော့သည်။

Thomas.....။ မဲမှောင်နေသော သူ့ဘဝအား အလင်းဆောင်ပေးခဲ့သူ၏ အမည်သည် Thomasဖြစ်ပြီး အသားဖြူ ဖြူ ၊အကောင်သေးသေးလေးဖြစ်သည်။"အသုံးမကျတဲ့လူ့အမှိုက်အဖြစ်သေဆုံးမလား၊ အဖိုးတန်တဲ့လူသားတစ်ဦးအဖြစ် သေဆုံးမလား"ဟူသော Thomas၏အမေးအား ရှင်သန်ခြင်းဖြင့် သူအဖြေပြန်ပေးမိသည်။

စိတ်အားငယ်လာသည့်အချိန်တိုင်း မရဏလမ်းအား မရွေးချယ်တော့ဘဲ စွံ့အနားမကြားသူတို့အတွက် စံပြဖြစ်စေရမည်ဟူသော ရည်ရွယ်ချက်ရှိသည့်လမ်းကိုသာ ရွေးချယ်မိလာသည်။အရာအားလုံးမဟုတ်ရင်တောင် သူ့အနားတွင် Thomasရှိနေသည်ဟူသော ယုံကြည်ချက်လေးကား ရှေ့ဆက်ရမည့်နေ့ရက်များအတွက် အဓိကအားအင်လေးပင်။ မှီခိုအားကိုးမိရာမှ အမြစ်တွယ်လာသော သူ့ခံစားချက်များသည်ကား အချစ်ဟူသော နှောင်ကြိုးလေးအဖြစ်သို့ ညှိတွယ်မှန်းမသိ ညှိတွယ်ခဲ့လေပြီ။

သို့ရာတွင် ကောင်းကင်ဘုံ၏အပြစ်သားဖြစ်သောသူ့အတွက် ကောင်းချီးဟူသည် အမြဲတစေမတည်မြဲနိုင်သည့်အရာဖြစ်သည်။ အရာအားလုံးနှင့်ပတ်သတ်ပြီး သူ့နှင့်သာ အချိန်ကုန်လေ့ရှိသော Thomas၏ဘဝထဲသို့ Annaဟူသည့် မိန်းမချောလေးတစ်ဦးဝင်ရောက်လာသည့်အချိန်မှစပြီး Thomasထံ၌ Jackဟူသည့်သူ့အတွက် အချိန်မရှိခဲ့တော့ပြီ။ သူ့နှင့်အတူကုန်ဆုံးလေ့ရှိသော အချိန်များထဲမှ ထက်ဝက်ကား Annaနှင့်ချိန်းတွေ့ရန်အတွက် ကုန်ဆုံးသွားခဲ့ပြီ။ သို့ပေမယ့် Jackအပြစ်မမြင်မိပေ။ သူ့ဘဝ၏အသက်ဆက်ရာအကြောင်းခံလေးအား ဆုံးရှုံးလိုက်ရမည်ကို သေမတတ်ကြောက်ရွံ့ခဲ့မိပေမယ့် ထိုလူသားလေးအား မျက်စိရှေ့တွင် မြင်နေရသေးသည်ဟူသော အသိကား သူ့အား မယိုင်လဲသွားအောင် ကူညီပေးသည်။

အစဉ်လည်ပတ်နေသော နာရီလက်တံများနောက် အချိန်ကာလများသည်လည်း ငါးနှစ်တာမျှကြာသွားခဲ့လေပြီ။ သို့ထိတိုင် Thomasအပေါ်ထားရှိသော သူ့စိတ်ကားမပြောင်းလဲသေးပေ။ Thomasဟူသော ထိုလူသားလေးကြောင့် Jackဟူသည့်သူ့ဘဝသည် အထက်တန်းကျောင်းသားမှ တက္ကသိုလ်ကျောင်းသားအဖြစ်သို့၊ ဘွဲ့ရကျောင်းသားမှ အလုပ်သင်ဝန်ထမ်းအဖြစ်သို့ ရောက်ရှိခဲ့လေပြီ။ကောင်းမွန်သော ဆွေမျိုးသားချင်းဟူ၍မရှိသော သူ့ဘဝတွင် နေ့ရက်တိုင်းအတွက် အသက်ဆက်ရန်အကြောင်းပြချက်ကား Thomasဟူသော အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် သူဠေးသားလေးသာ ဖြစ်နေဆဲပင်။

Thomasဟူသောကောင်လေးကြောင့် လူသားတိုင်း အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုနေကြသော အချစ်ဟူသည့်အရာအား သူနားလည်ခဲ့ရသည်။ သို့ရာတွင် သူ့ရင်ထဲ၌ ပေါက်ဖွားလာခဲ့သည့်အချစ်ကား ဖွင့်ဟဝန်ခံရန်အတွက်မဟုတ်ခဲ့။ ဟန်ဆောင်မျိုသိပ်ထားရန်အတွက်သာ ဖြစ်တည်လာခဲ့သည်ဖြစ်ရာ သူသည်လည်း ချစ်တတ်လာခဲ့ပြီးနောက် Bollywoodမင်းသားတစ်ဦးနှယ် ဟန်ဆောင်ခြင်းအတတ်ပညာအား ဆရာမလိုဘဲ တတ်မြောက်ကျွမ်းကျင်လာခဲ့ပြီ။

နာကျင်နေသော ရင်အစုံဖြင့် ချစ်ရသူ၏မင်္ဂလာပွဲသို့ အပြုံးပန်းဆင်လျက် တက်ရောက်ကောင်းချီးပေးခဲ့သည့်တိုင်၊
ခွဲခန်းဝင်နေသော ဇနီးဖြစ်သူအတွက် ပူပန်နေသည့် ချစ်ရသူ၏ပုံစံအား ကြေကွဲနေသော စိတ်အစုံဖြင့် ငေးကြည့်လျက် စိုးရိမ်နေသော ချစ်ရသူလေးအား သူငယ်ချင်းဟူသော ခေါင်းစဉ်အောက်မှ ပွေ့ဖက်နှစ်သိမ့်ပေးခဲ့သည့်တိုင်၊
ဆေးရုံခန်းထဲ၌ မွေးကင်းစနီတာရဲလေးအား ချီကာ ပီတိဖြစ်နေသော ချစ်ရသူ၏မိသားစုလေးအား စိတ်ရင်းဖြင့် ကောင်းချီးပေးခဲ့သည့်တိုင် ချစ်ရသူအပေါ်ထားရှိသော သူ့၏မှီခိုစိတ်၊ ချစ်မြတ်နိုးစိတ်၊ အပြစ်မမြင်သည့်စိတ်တို့မှာ ပြောင်းလဲမသွားခဲ့ပေ။

ရှေ့ဆက်ရန်မဖြစ်နိုင်သော အချစ်အား နားလည်သွားခဲ့သည့်အချိန်မှစ၍ ရှေ့ဆက်ရသည့်နေ့ရက်များသည် ဆူးခင်းလမ်းသဖွယ် ခက်ခဲပင်ပန်းလွန်းလှသော်လည်း မိုးကောင်းကင်တစ်ခုတည်း၏အောက်၌ ချစ်ရသူနှင့်အတူရှိနေရသည်ဟူသည့် အကြောင်းပြချက်ကား သူ့အား ဆူးခင်းလမ်းကိုဖြတ်ကျော်နိုင်မယ့် အားအင်များပေးစွမ်းခဲ့သည်။

သို့သော် တစ်နေ့တွင်တော့ သူ့အတွက် အသက်ရှင်ရန်အကြောင်းပြချက်များ ကင်းမဲ့သွားခဲ့ရသည်။ ထိုနေ့ကား သူအရမ်းချစ်ရပါသော Thomasဟူသည့်လူသားလေး ကွယ်လွန်သွားခဲ့သည့်နေ့ပင်။ လူကြီးရောဂါဖြင့် စောလွန်စွာ ကွယ်လွန်သွားခဲ့သော အသက်ငါးဆယ့်ရှစ်နှစ်အရွယ် အဘိုးအိုThomasဟာ သူအရမ်းချစ်ရပါသော မြတ်နိုးရသူပါတဲ့လေ။ သူ့အသက်ဆက်ရာအကြောင်းပြချက်သည် ထိုလူသားလေးဖြစ်ကြောင်း နေ့စဉ်ရက်ဆက်တစ်ဖွဖွပြောခဲ့သည့်တိုင် လူဆိုးလေးThomasမှာတော့ သူ့အား ဂရုမစိုက်ဘဲ ချန်ရစ်ခဲ့လေပြီ။ ရေမရသောသစ်ပင်သေဆုံးသည်မှာ ဓမ္မတာဖြစ်သကဲ့သို့ Thomasမရှိတော့သော သူ့ဘဝကား အခွံမရှိတော့သော ကမာကောင်အလား အလင်းရောင်များကင်းမဲ့သွားခဲ့ပြီ။

ချစ်ရသူမရှိတော့သော ဤလောကကား နှလုံးသားမည်းသူများဖြင့်သာ ပြည့်နှက်နေသည့်အတွက် သူအသက်ဆက်ရန် မဝံ့ရဲတော့ပြီ။ ချစ်ရသူသွားရာလမ်းသည် မရဏလမ်းဖြစ်စေ၊သုခလမ်းဖြစ်စေ သူလိုက်ဝံ့သည်ဖြစ်ရာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ရွေးချယ်ခဲ့သော သေဆုံးခြင်းလမ်းကိုသာ ထပ်မံရွေးချယ်ရန်အကြောင်းဖန်လာတော့သည်။ သို့သော် မှတ်ဉာဏ်ထဲသို့ ဝင်ရောက်လာသော "အသုံးမကျတဲ့လူ့အမှိုက်အဖြစ်သေဆုံးမလား၊ အဖိုးတန်တဲ့လူသားတစ်ဦးအဖြစ် သေဆုံးမလား"ဟူသည့် ချစ်ရသူ၏စကားသံကား သေခြင်းတရားသို့ခြေလှမ်းနေသည့် သူ့အား တုံ့ဆိုင်းသွားစေခဲ့သည်။ သူ့အားစူးစိုက်ကြည့်ကာ အော်မေးလာသော ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ဦး၏ပုံရိပ်လေးကို မြင်ယောင်လာမိသည့်အချိန်တွင်တော့ ဖြတ်သန်းလာသည့်နှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်အဖြစ် သူငိုချလိုက်မိသည်။ အသံတိတ်မျက်ရည်ကျမိနေခြင်းမဟုတ်၊ တစ်သက်လုံးမျိုသိပ်လာသမျှကို ဖွင့်အံလျက် တင်းကြပ်နေသောရင်ဘတ်အစုံကို ဆုပ်ကိုင်ရင်း လူးလှိမ့်ငိုကြွေးမိခြင်းသာ။

"ဒါ..ဒါဆို Mr.Jackရေးခဲ့တဲ့ 'Ami'ဆိုတဲ့စာအုပ်လေးက Mr.Jackရဲ့အချစ်ဇာတ်လမ်းလား"

အဘိုးအိုJackပြောပြသော ဇာတ်လမ်းအဆုံးတွင် မေးလာသည့် MCကောင်လေး၏အသံကား တုန်ရီလို့နေသည်။ MCကောင်လေးသာမက စင်အောက်ရှိ ပရိသတ်များသည်လည်း ဤဇာတ်လမ်းအား နားဆင်လျက် မျက်ရည်ဖြိုင်ဖြိုင်ကျလျက်ရှိသည်။ ကာယကံရှင်ဖြစ်သူ အဘိုးအိုJackမှာတော့ မျက်ရည်ကြည်များဝေ့သီနေသည်ကလွဲပြီး တစ်စုံတစ်ရာထူးခြားမှုမရှိခဲ့ပေ။

"ကျွန်တော့်ရဲ့ အချစ်ဇာတ်လမ်းဆိုတာထက် သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြှုပ်နှံထားခဲ့တဲ့ ကျွန်တော့်ရဲ့တစ်ဖက်သတ်အချစ်ဇာတ်လမ်းလို့ ပြောရင်ပိုမှန်မယ်ထင်တယ်"

"ဟာဗျာ"

အဘိုးအို၏အဖြေအဆုံးတွင် MCကောင်လေးဆီမှ မချင့်မရဲရေရွတ်သံလေးထွက်ပေါ်လာလေရာ အဘိုးအိုမှာတော့ ပြုံးရုံသာပြုံးလေသည်။

"ဘာလို့မဖွင့်ပြောခဲ့တာလဲ...ဘယ်လိုမဆိုကြိုးစားကြည့်ခဲ့သင့်တယ်မဟုတ်လား"

"တစ်ချို့အရာတွေက မျိုသိပ်ထားတာပဲပိုကောင်းပါတယ်"

"ဘာလို့လဲ"

"အကယ်၍ ကျွန်တော်သာ သူ့ကိုဖွင့်ပြောခဲ့မယ်ဆိုရင် ကျွန်တော့်အချစ်ကိုသူကလက်ခံတယ်ဆိုပါစေဦး။ ကျွန်တော့်နဲ့အတူ လျှောက်လှမ်းရမယ့်လမ်းက ပန်းခင်းတဲ့ဖြစ်ဖို့ဆိုတာ 100percent မသေချာတဲ့ကိစ္စပါ။ ကျွန်တော်ချစ်ရတဲ့သူကို ပတ်ဝန်းကျင်ရဲ့လက်ညိုးထိုးတာတွေမခံစေချင်ဘူး။ လူတွေရဲ့ကဲ့ရဲ့ခြင်းကိုခံရတာ ဘယ်လောက်တောင်နာကျင်စရာကောင်းမှန်း အဆင်မချောတဲ့ကျွန်တော့်ငယ်ဘဝအရ ကျွန်တော်သိတယ်။ ကျွန်တော်သာ ဖွင့်မပြောဘူးဆိုရင် အရာအားလုံးအဆင်ပြေနေမယ့်အခြေအနေကို ကျွန်တော်မဖျက်ဆီးချင်ဘူး။ ချမ်းသာတဲ့သူ့မိသားစုက စီစဉ်ပေးတဲ့ ပန်းခင်းတဲ့လမ်းကိုပဲ လျှောက်လှမ်းစေချင်တာ။ ပညာတတ်မိန်းမချောလေးနဲ့ လက်ထပ်မယ်၊ ကလေးတွေမွေးပြီး မိသားစုဆိုတဲ့ အသိုက်အမြုံလေးကို တည်ဆောက်မယ်၊ မိဘရဲ့လုပ်ငန်းတွေကို ဦးစီးမယ် ဒါဟာ ဘယ်လောက်ကောင်းမွန်တဲ့ဘဝမျိုးလဲ။ ကျွန်တော့်ကြောင့် ဒီလိုကောင်းမွန်တဲ့ဘဝမျိုးကနေ သူ့ကို မကွေကွင်းစေချင်ဘူး"

ထိုင်နေသည့် မလှမ်းမကမ်းတွင်ရှိနေသော စားပွဲပေါ်မှ ပန်းအိုးလေးကို ကြည့်ကာ ပြုံးပြုံးလေးဆိုလာသည့်အဘိုးအိုမှာ မျက်ရည်ကြည်များဝေ့သီနေသည့်တိုင် သူ့လုပ်ရပ်များအတွက် နောင်တရိပ်များစွန်းထင်းနေခြင်းမရှိခဲ့ပေ။

"ဒါဆို Mr.Jackကရော....Mr.Jackအတွက်ကရော တရားမျှတလို့လား"

သူ့အား သနားရိပ်များစွန်းထင်းနေသော မျက်ဝန်းအစုံဖြင့် မေးလာသည့် MCကောင်လေး၏အမေးကို သူပြန်အဖြေပေးမိသည်ကား.....

"Jackဆိုတဲ့ ကောင်လေးရဲ့ ဘဝတစ်စိတ်တစ်ပိုင်းအဖြစ် သူပါဝင်ပေးလာတာကိုက ကျွန်တော့်ဘဝအတွက် အကြီးမားဆုံးသော ကောင်းချီးလေးပါပဲ"

ထို့နေ့လည်ခင်းအင်တာဗျူ းအပြီး social mediaများအပေါ်ပျံ့နှံ့သွားခဲ့သော interview videoများနောက်တွင် ကမ္ဘာတစ်ဝန်းရှိ LGBTလက်ခံသူဦးရေမှာ များပြားလာခဲ့သည်။ ယောကျ်ားနှစ်ဦးချင်းချစ်ကြိုက်မှု၊ မိန်းကလေးနှစ်ဦးချင်းချစ်ကြိုက်မှုများကို နှာခေါင်းရံှူကြသောလူကြီးများကပင် လူသားနှစ်ဦးကြားရှိ မည်သည့်အချစ်တိုင်းမဆို မြတ်နိုးဖွယ်ကောင်းကြောင်း လက်ခံလာခဲ့လေပြီ။ အဘိုးအိုJack၏ဘဝဇာတ်ကြောင်းကို နားထောင်အပြီး ကမ္ဘာတစ်ဝန်း၌ စွံ့အနားမကြားကျောင်းများ ပေါ်ထွန်းလာခဲ့သည်ဖြစ်ရာ မျက်စိတစ်ဖက်ကွယ်ပြီး အကြားအာရုံချို့ယွင်းနေသည့်အဘိုးအိုမှာတော့ ပြုံးရယ်လျက် ဤသို့ ရေရွတ်လာခဲ့သည်။

"အခုတော့ ကိုယ်ဟာ အဖိုးတန်တဲ့လူသားတစ်ဦးဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းကိုအကျိုးပြုပြီး သက်သေပြခဲ့ပြီးပြီမို့ မင်းအနောက်ကိုလိုက်ခဲ့လို့ရပြီမလား...ချစ်ရသူ"

_______The End_________

I want feedbacks about your feeling, reader nims❤

Thank You.

#Kunn

© sophie kunn,
книга «Ami».
Коментарі