ပန်းကြိုက်တဲ့သူ့ကို ပန်းတွေကြားမှာ အိပ်စက်စေလိုက်တယ်
ပန်းကြိုက်တဲ့သူ့ကို ပန်းတွေကြားမှာ အိပ်စက်စေလိုက်တယ်
ပန်းကြိုက်တဲ့သူ့ကို ပန်းတွေကြားမှာ အိပ်စက်စေလိုက်တယ် ။

ငေးကြည့်လို့ သပ်လှနေတာပဲ ကိုယ့်ကလေးငယ်ရေ ။

ကိုယ့်ကလေးက ငါးကြော်သိပ်ကြိုက်တာ ။ ညစာအတွက် ငါးကြွပ်ကြွပ်လေး ကြော်ပေးထားလိုက်တယ် ။
ငယ်ငယ်လေးထဲက အရိပ်တကြည့်ကြည့် ကြည့်နေရတဲ့ကလေး၊
ဘယ်သူကထင်မှာလဲ ကိုယ့်ဘေးနား ကြောင်လေးတကောင်လို ရောက်လာရလိမ့်မယ်လို့ ။

"နိုးလာပြီလား ကလေး ထ ညစာစားလိုက်အုံး ၊ ကလေးသိပ်ကြိုက်တဲ့ ငါးကြော်ကြွပ်ကြွပ်လေးဖြစ်အောင် ကြော်ထားပေးတယ်"

"ခင်များ ! ကျွန်တော့ကို ဘာလုပ်ထားတာလဲ ပန်းတွေ ကြားထဲမှာ .... "

အိပ်ယာက နိုးနိုးချင်းကလေးဆီက ကြားရတဲ့ ပထမဆုံးစကားပဲ ။

"ကလေးက ပန်းတွေသိပ်ကြိုက်လို့လေ "

"သေလူလိုပဲ သြော်! မေ့လို့ ကျွန်တော်က သေလူလို ဖြစ်နေပြီပဲ ။ နေမရှိ ၊ လေမရှိ၊ နေ့လား မသိ ညလားမသိ တဲ့ ဒီအခန်းထဲမှာ ဘယ်နေ့သေမလဲ ဆိုပြီး သေတဲ့နေ့ကိုထိုင်စောင့်နေရတဲ့ သေလူလိုပဲ "

စကားများလိုက်တာ ကိုယ့်ကလေးရယ် ။

"စားလိုက်အုံး နောက်မှ ဆက်ပြောပေါ့ "

"ကျွန်တော် ပြန်ချင်တယ် ကျွန်တော့မိဘတွေ စိတ်ပူနေလိမ့်မယ် နောက်ပြီး ကျွန်တော်နဲ့ လက်ထပ် တော့မယ့် ကျွန်တော့ ကောင်မလေး ..."

ဖြန်း ။

တွေ့လား ကိုယ်က လက်မပါချင်ပါဘူး ကိုယ့်ကလေးက ကိုယ့်ကို လူဆိုးဖြစ်အောင်သိပ်လုပ်တာပဲ ။

"သူများအတွက်စိတ်မပူပဲ ကလေး ကိုယ့်ကိုယ်ကိုယ် အတွက်သာ စိတ်ပူစမ်းပါ ။ နောက်ပြီး ကလေးသာ အဲ့ကောင်မ အကြောင်းထပ်မဟနဲ့ "

" ဘာလို့လဲ သူ့မှာ ဘာအပြစ်ရှိလို့လဲ ၊
နောက်ပြီး သူက ကျွန်တော်ရဲ့ အချစ်ရဆုံးသော. .."

ဖြန်း ။
ကျန်နေသေးတဲ့ နောက်ထပ်ပါးပြင်တဖက် ။
ကလေး သိပ်နာသွားမယ်ထင်တယ် ။
ပါးပြင်လေးကိုကိုင်ကာ ကိုယ့်ကိုငေးကြည့်လို့နေတယ် ။

"ကိုယ်က ကလေးကို မနာကျင်စေချင်ပါဘူး ။ အစထဲကသာ ကလေး ဘယ်ကောင်မနဲ့မှ မပတ်သက်ရင် ဒီလိုတွေဖြစ်လာစရာမအကြောင်းမရှိဘူး "

"ဘာလို့လဲ အကြောင်းပြချက်ကဘာလဲ"

"မြတ်နိုးလို့လေ ကလေးကို သိပ်မြတ်နိုးလွန်းလို့ပေါ့ ။ ကလေးက ဘယ်သိမလဲ သူများတွေကိုပဲ ဂရုစိုက်နေတော့ ၊ ကိုယ်က ကျေနပ်နေခဲ့ပါတယ် ၊ ကလေးကို ငေးကြည့်နေရရုံနဲ့ ကျေနပ်နေနိုင်ခဲ့တယ် ။ ကလေးကို ပိုင်ဆိုင်ရဖို့မလိုဘူး ငေးကြည့်နေရုံနဲ့ ပြည့်စုံတယ် ဆိုပေမယ့် ဘယ်သူ့ကိုမှလဲ မပိုင်ဆိုင်စေချင်ဘူး ။ ဒါပေမယ့် ကလေးက သိပ်ဆိုးတယ်ကွာ ၊ ကောင်မလေး တယောက်နဲ့ လက်ထပ်ဖို့အထိ စီစဥ်လိုက်ရတယ် တဲ့လား "

"အဲ့တာကြောင့် ခင်များက ကျွန်တော့ကို ဖမ်းခေါ်လာခဲ့တာပေါ့ "

ကလေးကို ခေါင်းညိတ် ပြလိုက်တယ် ၊ ကလေး ကိုယ့်ကိုသိပ်မုန်းနေမှာပဲ ။

"စားတော့ ဒီနေ့အတွက် ကလေး စကားများလွန်းနေပြီ "

"မစားဘူး ခင်များ ကျွေးတဲ့အစား စားပြီး သေမယ့်နေ့ကို စောင့်မနေနိုင်ဘူး ဒီအတိုင်းပဲ အသေခံလိုက်မယ် "

ကလေးက သိပ်ခေါင်းမာနေပြန်ပြီ ။

"ကိုယ် အကြမ်းနည်းနဲ့ မလုပ်ချင်ဘူးကလေး ၊ ကောင်းကောင်း ကျွေးနေတုန်း စားလိုက် "

ပါးစပ်ကို တင်းတင်းစေ့ပြီး တဘက်ကို လှည့်သွားတဲ့ကလေးကို မေးဖျားကနေ ဆွဲကာ ပါးစပ်ဟ စေလိုက်ပြီး ဇွန်းနဲ့ ထမင်းကို ပါးစပ်ထဲ ထိုးထည့်လိုက်တယ် ။ နောက်ပြီး ကလေး သိပ်ကြိုက်တဲ့ ငါးကြော်ပါ တခါထဲ ထည့်ပေးလိုက်ပြီး ဟ နေတဲ့ ပါးစပ်ကို ပြန်ပိတ်ပေးလိုက်တယ် ။

"စားလိုက် "

ပြန်ထွေးထုပ်ဖို့ ပြင်နေတဲ့ကလေး ပါးစပ်ကို လှုပ်လို့မရအောက် မေးဖျားကို တဖက် ၊ ခေါင်းကိုတဖက် လက်နဲ့ကိုင်ကာ ဖိထားလိုက်တော့ လည်ပင်းကနေ အတင်းမျိုချနေရတဲ့ကလေးက သိပ်သနားစရာ ကောင်းလိုက်တာ ။

" အဟွတ် အဟွတ် "

"တွေ့လာ မဝါးပဲ မျိုချ တော့ နင်နေပြီ ဒီမှာ ရေသောက်လိုက် "

ရေခွက် ရှေ့တိုးပေးတော့ ခုနကလို ထပ်လုပ်မှာကြောက်ပြီး ကလေးက ယူသောက်လိုက်တယ် ။ အဲ့လို လိမ္မာ ပါလား ကလေးရယ် ။

"ကလေးသာ ကိုယ့်စကား နားထောင်မယ်ဆို ဒီလို တွေ ဖြစ်နေစရာ အကြောင်းမရှိဘူး "

ထမင်းကို နောက်တလုပ် ခွံ့တော့ ညိမ်သွားရှာတယ် ။

"ကျွန်တော် .."

"ပြောကလေး ကလေး ဘာဖြစ်ချင်လို့လဲ"

ဆက်မပြောပဲ ရပ်နေတဲ့ကလေးကို အခွင့်အရေးလေးတော့ ပေးချင်သေးတယ် ။

"အပေါ့ အပေါ့သွားချင်လို့ "

အခန်းထဲကို ဝေ့ဝဲကြည့်ပြီး ကလေးက အရှက်သည်းစွာ ခေါင်းလေးငုံ့ပြီး ပြောနေတာက အသည်းယားစရာ ။
ကလေးက ရှက်နေတာလား ။

"Toilet က အပြင်မှာပဲ ရှိတယ် ဒါပေမယ့် ဒီအခန်းထဲက လွှတ်ပေးလိုက်ရင် ကလေး ထွက်ပြေးမှာပေါ့ "

"ခင်များ လိုက်စောင့်ကြည့်နေမှာပဲ မဟုတ်ဘူးလား"

"အာ ဟုတ်သားပဲ အိမ်သာ ရှေ့ထိ လိုက်လို့ ရတာပဲ တခုတော့ရှိတယ် ကလေး ထွက်မပြေးပါဘူးလို့ ကတိပေး "

ကလေးက တွေဝေသွားတယ် ။
အကြာကြီးနေမှ

"ပေးတယ် "
ဆိုပြီး တိုးတိုးလေးထွက်လာတယ် ။

"ကလေးထွက်ပြေးရင်ကိုယ် ဘာလုပ်မိမလဲ မသိဘူး "

ကလေးကို သတိပေးလိုက်တယ် ။ အမှတ်ရနေပါစေ ။

ပြီးတော့ အခန်းထဲက သော့ဖွင့်ပြီး အပြင်က တခြားအခန်းတခုက အိမ်သာ တခုကို လိုက်ပို့ပေးလိုက်တယ် ။
ကလေးပြန်ထွက်လာတဲ့အထိ အဲ့အခန်းထဲ ရပ်စောင့်နေလိုက်တယ် ။ မကြာပါဘူး ကလေးပြန်ထွက်လာတယ် ။
အခုထိတော့ လိမ္မာ နေတုန်းပဲ ။

"ဘာဖြစ်လို့လဲ ကလေး"

အခန်းထဲက ပြန်ထွက်ခါနီးမှ ကလေးက ဆက်မသွားပဲ ရပ်နေလို့ စိတ်ပူသွားရတယ် ။

"ကလေး အာ့"

ဂျိန်း ။
ကလေးက ကိုယ့်ကို အခန်းထဲ တွန်းလှဲလိုက်ပြီး အခန်းတံခါးပိတ်ထားခဲ့ပြီး ထွက်ပြေးတယ်ပေါ့ ။
လဲကျနေရာကနေ အတင်းကုန်းထပြီး လိုက်ကြည့်တော့ မြွေလိမ်မြွေကောက် လှေကားပေါ်ကနေ အသည်းအသန် ပြေးဆင်းနေတဲ့ကလေး ။

"ဖြည်းဖြည်းဆင်းကလေး လိမ့်ကျမယ် "

အောက်ကို ငုံ့ကြည့်ကာ သတိပေးရပြန်ပြီ ။ မတော်လို့ တခုခု ဖြစ်နေမှ ။
ကလေးက ကိုယ့်စကားကို အံ့သြတကြီး မော့ကြည့်လာတယ် ။ ပြီးတော့ ပြန်ပြေးဆင်းသွားတယ် ။
မေ့နေတာ တံခါးမကြီး သော့ခတ်ထားတဲ့အကြောင်း ကလေးကို မပြောပြရသေးဘူးပဲ ။

လှေကားပေါ်က ပြေးဆင်းပြီး အဆုံးမှာတော့ တံခါးမကြီးဆီကို တန်းနေအောင် ပြေးသွားတဲ့ကလေး ။ ပြီးတော့ တံခါးကို ဆွဲဖွင့်တယ် ၊ တဒုန်းဒုန်းနဲ့ ထုရိုက်တယ် ၊ အော်ဟစ်တယ် ဘာမှ ထူးမလာတဲ့ဟာကို ကလေးရယ် အပင်ပန်းခံလို့ ။

လှေကားပေါ်ကနေ အေးဆေးဆင်းသွားလိုက်ပြီး ကလေးဆီ တလှမ်းချင်း လျှောက်သွားလိုက်တယ် ။

"တံခါးဖွင့်ပေး "

ဖွင့်ပေးချင်ရင် အစထဲက ခတ်ကို ခတ်ထားမနေဘူးပေါ့ ကလေးရယ် တုံးလိုက်တာလည်း လွန်ရော ။

"ကလေး ကတိမတည်ဘူးပဲ "

"တံခါးဖွင့်ပေးလို့ ကျွန်တော် ပြောနေတယ်လေ "

"အပြစ်ပေးရမယ် "

လက်ကနေ ဆွဲပြီး အပေါ်တက်ကာ ကလေးအခန်းထဲ ပြန်ထည့်ပေးလိုက်တယ် ။ ပြီးတော့ အခန်းထဲကထွက် ကာ လိုအပ်တဲ့ ပစ္စည်းတချို့ကို ယူလာလိုက်တော့ ကလေးက ကြောက်လို့ထင်တယ် တုန်လှုပ်နေတာပဲ ။

"ခင်.. ခင်များ "

"မကြောက်ပါနဲ့ကလေး ၊ ကလေး အသက်ကို မထိခိုက်စေရဘူး "

ဆယ်ကီလို ရှိတဲ့ ဝိတ်တုံးကို ကလေးခြေထောက် ပေါ် ပစ်ချလိုက်တယ် ။

"အား.... "

နောက်တဖက် ။

"အား.... ခက်များကြီး လူယုတ်မာ ၊ တိရစ္ဆာန် လိုလူ ။ ခွေးလောက်တောင် အကြင်နာတရားမရှိတဲ့သူ အား.... "

"ကလေးကို မနာကျင်စေချင်ပေမယ့် အဲ့ခြေထောက်တွေက သစ္စာမှမရှိပဲ စိတ်မပူပါနဲ့ မနာတော့အောင် ကိုယ်လုပ်ပေးပါ့မယ် ၊ ကိုယ်ကဆရာဝန်ပဲလေ "

ခြေထောက်နှစ်ဖက်ကို ကိုင်ကာ အားကုန် အော်ဟစ်နေတဲ့ ကလေးကိုကြည့်ရင်း ပြုံးမိတယ် ။

ကလေး သိပ်ဆိုးတယ်ကွာ ။

အင်း ။ ဒီလောက်ဆို ကလေး မှတ်လောက်သားလောက်ဖြစ်သွားပြီ ထင်ပါရဲ့ ။

"နားတော့ကလေး ပင်ပန်းသွားပြီ အိမ်မက်လှလှမက်ပါစေ "

အိပ်ကပ်ထဲ အသင့်ပါလာတဲ့ ဆေးထိုးအပ် ကို ကလေး လက်မောင်းကို စိုက်ထိုးလိုက်တယ် ။ ပြီးတော့ နဖူးကို ခပ်ဖွဖွလေးနမ်းလိုက်ပြီး ...

"အိပ်ပျော်နေရင် မနာတော့ဘူးကလေး ။ ပြီးတော့ အိပ်ပျော်နေတဲ့အချိန်ပဲ ကလေးက ကိုယ့် စကားနားထောင်တာ "

နာကြည်းစွာ စိုက်ကြည့်နေတဲ့ ကလေးရဲ့ မျက်လုံးတွေကို တနေ့ အပြစ်ပေးရအုံးမယ် ။
မှေးစင်းသွားတဲ့ မျက်လုံးတွေကို အနမ်းဖွဖွလေး ထပ်ပေးမိတယ် ။

"ကလေးက သိပ်ဆိုးပါတယ်ကွာ"

ပန်းပွင့်တွေ အများကြီး ဖြန့်ကျဲထားတဲ့ နေရာ အလယ်မှာ လှဲချပေးပြီး ပက်လက် အနေအထား နဲ့ အိပ်စက်စေလိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘက်ပေါ်တင် ကာ ပန်းစည်းတခုကို လက်ထဲ ထည့်ပေးလိုက်တယ် ။

"သိပ်လှနေတယ် ကလေး "

**************

ကလေးက တခါ အိပ်ရင် 12 နာရီလောက်ကြာတာမို့လို့ နိုးလာရင် သေချာပေါက် ဗိုက်ဆာနေမှာ ။
အောက်ထပ်ဆင်းပြီး မီးဖိုချောင် ထဲဝင် ဘာချက်ရမလဲ လို့ ရေခဲသေတ္တာ ထဲ ဖွင့်ကြည့်မိတော့ အသားကုန်နေပြီပဲ ။

"မြှောင် "

လှောင်အိမ်ထဲက ကိုယ်သိပ်မြတ်နိုးရတဲ့ ကြောင်လေးတွေ အစာတောင်းနေပြီပဲ ။ ကိုယ့်အိမ်ကို ကလေး ရောက်မလာခင်က ကလေးနဲ့ သိပ်တူလို့ ကလေးနာမည်ပေးကာ လှောင်အိမ်ထဲထည့်ပြီး ကလေးအဖြစ်နဲ့ ငေးကြည့်နေခဲ့ရတာ ။

ခုတော့ ကလေးရောက်လာပြီပဲ ၊
ကြောင်တွေ မလိုတော့ဘူးမလား ။

လှောင်အိမ်တံခါးဖွင့် ပြီး ကြောင်လည်ဂုတ်ကနေ ဆွဲ မီးဖိုချောင်ထဲက ကြက်သွန်လှီးဓားယူ တချက်ထဲနဲ့ လည်လှီးသတ်လိုက်တယ် ။

အော်ချိန်တောင်မရလိုက် ဘဝကူးသွားရတဲ့ ကိုယ်မြတ်နိုးရတဲ့ကြောင်လေး ။

"ကိုယ့်ကလေး ကြောင်သား ကြိုက်ဖို့ မျှော်လင့်တယ် "

ထွက်လာတဲ့ သွေးတွေကို ပန်းကန်လုံး တခုနဲ့ခံ ။ ဖန်ခွက် ထဲ ထည့် တော့ နီရဲနေတဲ့ ကြောင်သွေးတွေကို ပြင်းရှရှ စွဲမက် စရာကောင်းတဲ့ ဝိုင်တခွက် အဖြစ် ဖန်တီးလိုက်တယ် ။

"ကလေးနိုးလာရင် အကောင်းဆုံး ညစာ ဖြစ်စေဖို့ "

အားလုံး ပြီးစီးတော့ အပေါ်ပြန်တက်ကာ မလှုပ်မယှက် အိပ်ပျော်နေတဲ့ ကလေးကို ထိုင်ပြီး ငေးကြည့်နေလိုက်တယ် ။

"ဒီလို့လေး အမြဲတမ်း လိမ္မာ နေပါလား ကိုယ့်ရဲ့ ကလေးရယ် "

ပန်းတွေနဲ့အပြိုင် လှချင်တိုင်းလှနေတဲ့ကလေးကို မထိရက်မကိုင်ရက် ငေးကြည့်နေရတာက ဘယ်လောက် ကြည်နူးဖို့ကောင်းလိုက်လဲ ။ အိပ်ပျော်နေတဲ့အချိန်ပဲ ကိုယ့်မှာ ငေးကြည့်ခွင့်ရတာ ။

အချိန်တွေ အကြာကြီးနေတော့ ဆေးပြယ်သွားလောက်တဲ့ အချိန် ကိုယ့်ကလေးက လူးလွန့် လို့ နောက်တကြိမ် နိုးထလာခဲ့ပြန်ပြီ ။

"နိုးပြီလား ကိုယ့်ကလေး "

"အာ့ "

"မထနဲ့ မထနဲ့ ခြေထောက် က နာနေမှာပေါ့ ဗိုက်ဆာပြီလား ဒီမှာကြည့် ကို အထူးစပါယ်ရှယ် ပြင်ထားတယ် "

ဝိုက်နှစ်ခွက်နဲ့ အသားဟင်းတခွက်ကို ကလေးရှေ့ ချပေးလိုက်တော့ ပြူးကြည့်နေတာက ချစ်ဖို့ ကောင်းလွန်းလိုက်တာ ကလေးရယ် ။

ကျောကနေ ဖြည်းဖြည်း မ ပေး လိုက်ပြီး အမှီနဲ့ ထိုင်ခိုင်းလိုက်တယ် ။ ဝိုင်ခွက်တခုကို ကလေး လက်ထဲ ထည့်ပေးရင်း တခွက်က ကိုယ်ပေါ့ ။

"ချီးယားစ် ကလေး "

ခွက်တိုက်တော့ ကလေးက ခွက်ကို ငုံ့ကြည့်ပြီး နမ်းကြည့်နေတယ် ။

"ဘာတွေလဲ "

"ပြောသားပဲ စပါရှယ်ပါဆို "

"ဒါ ... ဒါ သွေးတွေမဟုတ်လား "

"ကြောင်သွေးပါ "

"ဘာ !!"

ခွမ်း.. ။
အော်လိုက်တာ ကလေးရယ် ။
အော်တာက အရေးမကြီးဘူး ဒီဝိုင် တခွက်ရဖို့ လွယ်တာမှ မဟုတ်ပဲ ကလေးရယ် ၊ ကိုယ် သိပ်ချစ်တဲ့ ကြောင်လေး အသက်ပေးလိုက်ရတာလေ ။

"ဒါ . . ဒါဆို အသားတွေ ကကော "

"ကြောင်သား "

ခွမ်း ။
ကိုယ့်ရဲ့ သည်းခံနိုင်စွမ်းကို ကလေးက စမ်းသပ် နေပါရော့လား။

ကလေး လက်နှစ်ဖက်ကို ချုပ်ကာ ခြေထောက်နဲ့ဖိ လက်တဖက်က နှာခေါင်းကို ပိတ်ပြီး တဖက်က ကိုယ့်လက်ထဲက ဝိုင်တခွက်ကို ကလေး ပါးစပ်ထဲ မော့ထည့်ပေးလိုက်တယ် ။ မမျိုချမချင်း လွှတ်မပေးဘူး ။

ဂွတ်.. ဂွတ် ။
လိမ္မာ သားပဲ ။ အကုန်ကုန်အောင် မဟုတ်ပေမယ့် အားလုံးနီးပါး သောက်လိုက်တာပဲ ။
သောက်လို့ပြီးတော့မှ လွှတ်ပေးလိုက်တယ် ။

"ဝေါ့.. အော့.. "

လက်ညှိုးနဲ့ လည်ပင်းထဲ ထိုးထည့်ကာ အန်နေတဲ့ကလေး ။ ဒီလိုလုပ်လို့ ပြန်ထွက်လာမှာကျလို့ ကလေးရယ် ။

"ခင်များကြီးကို မုန်းတယ် "

"ကိုယ်ကတော့ ကလေးကိုချစ်တယ် "

"ကျွန်တော့ ခန္ဓာကိုယ် ကိုပဲ ရမယ် ကျွန်တော့အချစ်ကို ခင်များ နောင်သံသရာ တလျှောက်လုံးအထိ မရစေရဘူး "

ရော် ခက်ပြီ ကလေးရယ် ။

"ကိုယ်က ကလေးရဲ့ အချစ်ကို မလိုချင်သလို ကလေးရဲ့ ခန္ဓာကိုယ် ကိုလည်း မလိုချင်ဘူး ၊ ဒီအတိုင်း ကလေးကို ငေးကြည့်နေရတာကိုပဲ လိုချင်တာ "

ကြည့်ပြန်ပြီ ဒီအကြည့်တွေနဲ့ ။ နောက်မှ အဲ့လိုမကြည့်ဖို့ သတိပေးတော့မယ် ၊ဒီနေ့တော့ ကုန်သွားတဲ့ အသား ကိစ္စအရင်ရှင်းရမယ် ။

အခန်းထဲက ထွက်သွားပြီး လက်ကိုင်လွှ သေးသေးလေးတခုနဲ့ ထည့်စရာ လင်ဗန်း တခုယူလာခဲ့လိုက်တယ် ။ ပြီးတော့ ကလေးနား ဒူးထောက်ထိုင်တော့ ကလေး ကြောက်လန့်တကြား မေးတယ် ။

"ဘာလုပ်တာလဲ "

"ရေခဲသေတ္တာ ထဲမှာ အသားကုန်နေပြီကလေး "

"အဲ့တာ ကျွန်တော်နဲ့ ဘာဆိုင်လို့ .."

"ကလေးရဲ့ ခြေထောက်တွေက လိုမှမလိုတော့ပဲ "

ကလေး ခြေထောက်ကို ရှေ့ကို ဆွဲထုတ်လိုက်ပြီး ထည့်စရာ လင်ဗန်း ပေါ်တင်လိုက်တယ် ။ လက်ကိုင်လွှ အသေးစားလေးကို သုံးတော့ ကလေးက အော်ပြန်တယ် ။
ခုတလော ကလေး သိပ်အော်တာပဲ ။

ဒူးဆစ် ကနေ သွေးတချို့က ပန်းထွက်လာတယ် ။ ကလေးကတော့ အရူးကြီးတယောက်လို ယူကျုံးမရ အော်ဟစ်လို့ ။ အော်ပါကလေး ကြိုက်သလောက်အော်ပါ ကလေးရဲ့အသံကို အခန်းပြင်ကတောင် မကြားရလို့ ။

"တိရစ္ဆာန် ကောင် မကောင်းတဲ့လူကြီး ၊ တိရစ္ဆာန် လိုတောင် အသိမရှိတဲ့လူကြီး ၊ သတ်သွားလိုက်ပါလား ဘာလို့ မသေမချင် လုပ်ချင်နေရတာလဲ ဟင်း အယုတ်တမာ ကြီးရဲ့ "

"ကလေး စကားအရမ်းများတယ်ကွာ "

ခြေထောက်နှစ်ချောင်းကို လင်ပန်းထဲ ထည့်ပြီး ခုဏက ကျကွဲထားတဲ့ ဖန်ခွက်ကွဲစတွေ ပန်းကန်ကွဲစတွေကိုပါ တခါထဲ ရှင်းခဲ့လိုက်တယ် ။

"ခဏနေရင် ကလေးရဲ့ ခြေထောက် စွတ်ပြုတ်လေး လုပ်ခဲ့မယ် ပြီးတော့မှ ပြန်အိပ်ပေါ့ "

"မုန်းတယ် ခင်များကို အရမ်းမုန်းတယ် ရွံတယ် မုန်းတာထက်ကို ပိုလွန်းလို့ ရွံတယ် အရမ်းကို ပဲ ခင်များ ကျွန်တော့ကို မတွေ့စေရတော့ဘူး ဒါနောက်ဆုံးပဲ "

ကလေးဆီက အသံကြောင့် လှည့်ကြည့်မိတော့ ဘယ်ကရမှန်းမသိတဲ့ ဖန်ကွဲစတခုကို လည်ပင်းမှာ ထောက်ထားတယ် ။

"ကလေး အဲ့လိုမလုပ်ရဘူးနော် "

လက်ထဲက ခြေထောက်ထည့်ထားတဲ့ လင်ပန်းကို ဖြည်းဖြည်း အောက်ချလိုက်တယ် ၊ ပြီးတော့ ကလေးကို မလုပ်ကောင်းတာတွေ မလုပ်ဖို့ တားရမယ် ။ဟုတ်တယ်။

ကလေးက ခြိမ်းသာခြောက် နေတာ သတ်သေဖို့အထိတော့ မရဲသေးဘူးထင်ပါရဲ့ ။ ပြက်နေတဲ့ ဒူးဆစ် ကိုကြည့်လိုက် ကိုယ့်ကိုကြည့်လိုက်နဲ့ လက်တွေက လည်း တုန်ယင်နေတာပဲ ။

သူ့ခြေထောက်တွေကိုလှန်းကြည့်နေတဲ့အလစ်မှာ ကလေးလက်ထဲက ဖန်ကွဲစကို ဆွဲလုလိုက်တယ် ။ တော်သေးတယ် မြန်မြန် ရသွားလို့ ။

ဖန်ကွဲစတွေကို ရှာတွေ့တဲ့ အဲ့မျက်စိ မရှိရင်ရပြီပဲ ။ ကလေးလက်ထဲက ဖန်ကွဲစကို လုယူလို့ရတော့ အတွေးတောင်မဆုံးလိုက်ခင်မှာပဲ မျက်စိနှစ်လုံးကို ဖန်ကွဲစနဲ့ ထိုးဖောက်လိုက်တယ် ။ မျက်လုံး နဲ့ ခြေထောက် စွတ်ပြုတ်ဆိုရင်ကော ။

"အား... အား.. သေချင်တယ် ကျေးဇူး ပြုပြီး သတ်ပေးပါ "

ပေါက်ပေါက်ရှာရှာ ကလေးရယ် ။ ဘာတွေတောင်းဆိုနေတာလဲ ။ မျက်လုံးနှစ်ဖက်ကို ကိုင်ကာ အသားကုန်အော်တာ ။ ကိုယ်က ကလေးရဲ့ အော်သံတွေနဲ့ ရင်းနှီး နေပြီ ။

"တောင်းပန်ပါတယ် သတ်ပေးပါ ၊ သေချင်နေပြီ သတ်ပေးပါ သေပါရစေ"

"ကလေးရယ် မကောင်းတာတွေ မပြောရဘူးလေ စောင့်နေနော် မျက်လုံးစွတ်ပြုတ် လုပ်ခဲ့မယ် "

အခုတော့ ကလေးက ကိုယ် သိပ်မုန်းတဲ့ အကြည့်နဲ့ မကြည့်နိုင်တောဘူးပဲ။
အခန်းထဲ ဝေ့ကြည့်လိုက်တော့ နီရဲနေတဲ့ သွေးစက်တို့ဟာ တခန်းလုံးမှာ ပြန့်ကျဲစွာ ။

ကလေးကမှ အငြိမ်မနေပဲ ကို ။

အောက်ထပ် ဆင်းခဲ့ပြီး မီးဖိုချောင်ထဲ ထပ်ဝင်ရပြန်ပြီ ။ ဒီတခါတော့ အေးဆေးချက်နေလိုက်တယ် ။ စိတ်ကောက် နေတဲ့ ကလေးကို ခနလောက် လွှတ်ပေးထားတာပေါ့ ။

အခုဆို ကလေးက ကိုယ့်ဆီကနေ ထွက်လည်း မပြေးနိုင်တော့ဘူး ။ ကိုယ်မုန်းတဲ့ အကြည့်နဲ့လည်း မကြည့်နိုင်တော့ဘူး ။ ဘယ်လောက်တောင် ကောင်းလိုက်လဲ ။

ခြေထောက်က အချိန်ခဏလေးနဲ့ နူးအောင် ချက်လို့မရ။
သုံးနာရီလောက်ကြာမှ နူးနိုင်တော့တယ် ။ ချက်လို့ပြီးတော့ ပန်းကန်လုံး တခုထဲထည့် ဗန်းတခုထဲထည့်,မ ကာ အပေါ်ထပ် ပြန်ယူလာရပြန်တယ် ။

"ကလေး ဒီမှာ ရပြီ "

ကလေးက ပန်းပွင့်တွေကြားမှာ လဲနေတယ် ။ ပန်းပွင့် တွေမှာစွန်းနေတဲ့ သွေးစတို့တောင် ခြောက်နေပြီ ။

"ကလေးက ကိုယ်တောင် ဆေးမထိုးပေးရပါပဲ အိပ်ပျော်သွားပြီလား ကလေး.. ကိုယ့်ရဲ့ ကလေး ထတော့ အစာစားချိန်ရောက်ပြီ "

နိုးမလာခဲ့ ။ ထပ်ပြီး လှုပ်နိုးကြည့်တယ် ။ နိုးမလာ ။တခုခုတော့ မှားနေပြီ။

"ကလေး ကိုယ့်ကို စိတ်ဆိုးနေတုန်းဆိုရင်လည်း အစားတော့စားကွာ "

လုံးဝ နိုးမလာတော့ ။ အသက်ရှူ သံနားထောင်ကြည့်တော့ မကြားရ။

" မဟုတ်ဘူး မဖြစ်ရဘူး ကလေး ကိုယ့်ကို အဲ့လိုထားမသွားရဘူး လေ"

လက်ကောက်ဝတ် က သွေးကြော စမ်းကြည့်တော့လည်း လှုပ်ရှားမှု မရှိတော့ ။ သွားပြီ ကလေး သူလိုချင်တဲ့ ဘဝကိုရောက်သွားပီ ။

ဒါလည်းကောင်းတာပဲ ကလေးက ကိုယ့်စကား ပိုပြီးနားထောင်သွားတာပေါ့။

"ပန်းတွေကြိုက်တယ်မလား ၊ ပန်းတွေကြားမှာပဲ အိပ်နေလိုက်တော့ ကိုယ့်ရဲ့ကလေး "

သွေးစွန်းနေတဲ့ ပန်းတို့ရဲ့အလယ်မှာ ကလေးကို လှဲချပေးပြီး

ပန်းကြိုက်တဲ့သူ့ကို ပန်းတွေကြားမှာ အိပ်စက်စေလိုက်တယ် ။

*******The End******

© ဆုနွယ်မေ ,
книга «ပန်းကြိုက်တဲ့သူ့ကို ပန်းတွေကြားမှာ အိပ်စက်စေလိုက်တယ်».
Коментарі