Password (ဝှက်ကိန်း)
Password (ဝှက်ကိန်း)
ဝှက်ကိန်း
အခန်း(၁)

" နင့်သူငယ်ချင်းက ခုတစ်လော ငါ့ကို ရှောင်ဖယ် ရှောင်ဖယ်နဲ့ ...ဘာဖြစ်နေတာလဲ မသိဘူး ငါ့ကိုခွာချင်နေတာလား မသိဘူး..ပြီးတော့ သူငါ့အပေါ် အရင်လို မကြင်နာတော့ဘူး.."

ကြားရတဲ့စကားတွေက တကယ်ကို မယုံနိုင်စရာပင်။ ဒီပါ ဘယ်လိုမှ မယုံကြည်နိုင်ပါ။ ငြိမ်းချမ်း က ဒီလိုလုပ်မည့် လူစားမျိုးလည်း မဟုတ်ပါ။ ငြိမ်းချမ်းနှင့် ဒီပါ ခင်မင်လာခဲ့တာ အထက်တန်းကျောင်းသားဘဝမှစ၍ ယခု တက္ကသိုလ်တက်နေသည့် အချိန်ထိပင်ဖြစ်သည်။ငြိမ်းချမ်းသည် အသောက်အစားကင်းသည်။ မိန်းမကိစ္စ အရှုပ်အရှင်းကင်းသည်။ မကြာသေးခင်ကမှ  ယုလေးနွယ်ဆ်ို‌ေသာ အမျိုးသမီးနှင့် ချစ်သူ
ဖြစ်သွားကြတာ ဖြစ်သည်။
ယုလေးနွယ် စကားတွေကို ဒီပါ မယုံကြည်နိုင်သလိုဖြစ်နေသည်။

"ဘာလဲ နင်က  ငါပြောတာ မယုံဘူးလား ဒီပါ"။

ဒီပါ မယုံနိုင်တာထက် ယုံတမ်းစကားတစ်ခုကို နားထောင်‌ေနရသလို ဖြစ်နေသည်။
ယုလေးနွယ်၏ အမေးကြောင့်  ဒီပါ ဖြေရန်အကြပ်ရိုက်သွားသည်။

"ငါမယုံဘူးဆိုတာထက် ငြိမ်းချမ်းအကြောင်းသိထားသူမို့ ပုံပြင်တစ်ခုနားထောင်နေရသလိုပဲ လေးနွယ်..."။

ဒီပါ  ညာ၍လည်းယုံတယ်လို့ မပြောချင်ပါ။
စိတ်ထဲမှာရှိတဲ့အတိုင်းပင် ပြောချလိုက်သည်။ ဒီလိုပြောလိုက်တာ မှန်လား၊ မှားလား ဒီပါ ထပ်ပြီးလည်း မစဉ်းစားချင်တော့ပါ။

"တော်တော့ ဒီပါ နင့်သူငယ်ချင်းကိုပဲ ပြောလိုက်ပါ ငါ့ကိုရှောင်ဖယ် ရှောင်ဖယ် လုပ်နေစရာမလိုဘူးလို့  ယုလေးနွယ်ဆိုတဲ့ မိန်းမက
မနေ‌ေစချင်တဲ့သူဆီမှာ  တွယ်ကပ်မနေဘူး နင့်သူငယ်ချင်း ငြိမ်းချမ်းကို  သတ္တိရှိအောင်ပဲ အရင်လုပ်ဦး လို့ပြောလိုက်စမ်းပါ.." ။
ယုလေးနွယ်က သူပြောချင်ရာ ပြောပြီး
ဒီပါရဲ့  ဘေးကနေ ချာကနဲ နေအောင်လှည့်ထွက်သွားသည်။
သူမရဲ့ Shampooရနံ့ သင်းသင်းလေး ဝေးကွာသွားသည့်တိုင် ဒီပါ မူလနေရာမှာပင် ကျောက်ရုပ်တစ်ခုလို ရပ်နေမိသည်။
အတွေးတွေက ဆင့်ကာ ဆင့်ကာဖြင့် တောင်စဉ်ရေမရ စဉ်းစား‌ေနမိ‌ေတာ့သည်။
ငြိမ်းချမ်းက ဒီလိုလုပ်မည့် လူလို့ ဒီပါ
မထင်ပါ။ ငြိမ်းချမ်းအကြောင်းကို ကျောင်းနေဖက်သူငယ်ချင်းဖြစ်တဲ့ ဒီပါ
အသိဆုံးဖြစ်သည်။
ယုလေးနွယ်ကပဲ လိမ်ညာ‌‌၍ ပြောခြင်းလား  ဒီပါ ဝေခွဲမရခြင်းများစွာနှင့် တွေးစရာတွေက ခေါင်းထဲအပြည့်ဖြစ်နေသည်။
ခေါင်းထဲမှာ နောက်ကျိကျိဖြစ်လာတာမို့ စီးကရက်တစ်လိပ်ကို ရှုရှိုက်ကာ စီးကရက် အငွေ့အသက်တွေ မှုတ်ထုတ်ပစ်လိုက်သည်။
 
အခန်း(၂)

   ဒီပါ နဲ့ ငြိမ်းချမ်း စ ခင်မင်ခဲ့တာ ဆယ်တန်း‌ေကျာင်းသားဘဝကတည်းက ဖြစ်သည်။
     ဆယ်တန်းကျောင်းသားဘဝမှာ ဘော်ဒါအဆောင်တွေ နေရသည်။ ငြိမ်းချမ်းနှင့်
ဒီပါက တစ်ခန်းတည်းနေရသည့် အခန်းဖော်တွေ ဖြစ်သည်။
ငြိမ်းချမ်းက အနေအေးသည်။ သူတစ်ပါးကို ကူညီတတ်သည်။ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်၍ စာတော်သည်။  လူတိုင်းနှင့် အပေါင်းအသင်းမလုပ်ပဲ  တစ်ယောက်တည်း သီးခြားနေတတ်သည်။ အလှအပအလွန်ကြိုက်သည်။ စိတ်ကနုနယ်သည်။ ရုပ်ရည်ချောမောကာ လိုအပ်တာထက်ပင်  နုဖတ်နေသည်။
ဒီပါ့ကိုတော့ ငြိမ်းချမ်းက အတော်ခင်သည်။ အလွန်အနစ်နာခံသည်။ ဒီပါ နေ‌မကောင်း၍ ကျောင်းမလိုက်သည့်နေ့တွေဆိုလျှင် ဒီပါက လွတ်သွားသော သင်ခန်းစာများကို စိတ်ရှည်ရှည်နှင့်ရှင်းပြတတ်သေးသည်။


အထက်တန်းကျောင်းသားဘဝ ပြီးဆုံးသွားခဲ့‌ေသာ်လည်း ဒီပါနှင့် ငြိမ်းချမ်း အဆက်အသွယ်မပြတ်ခဲ့ပေ။
       တက္ကသိုလ်ကျောင်း‌ေရာက်ပြန်‌ေတာ့ English Majorမှာ မေဂျာတူတာမို့ 
အရင်ကထက်ပင် ပိုခင်မင်လာခဲ့သည်။တက္ကသိုလ်ပထမနှစ်မှာပင် ယုလေးနွယ်ဆိုသော အမျိုးသမီးတစ်ယောက်နှင့် ဒီပါနှင့် ငြိမ်းချမ်း တို့နှစ်ယောက် သိကျွမ်းခင်မင်
ခဲ့ကြသည်။
ယု‌ေလးနွယ်သည် ကျောထိရှည်သော ဖြောင့်စင်းလှသည့် ဆံနွယ်များကို အမြဲချထားသည်။ မြန်မာဝတ်စုံများကို ချုပ်ပုံဆန်းများဖြင့် အမြဲဝတ်ဆင်ကာ ကျော့ရှင်းလှပနေသူဖြစ်သည်။ ထိုအမျိုးသမီးကို ဒီပါ စိတ်ဝင်စားမိသော်လည်း ဖွင့်မပြောရဲခဲ့ချေ။ ယုလေးနွယ်ဆို‌ေသာ အမျိုးသမီးသည်  ငြိမ်းချမ်းအပေါ်မှာ ပို၍ တိမ်းညွတ်နေတာ သိသောကြောင့်ဖြစ်သည်။
          ထို့ကြောင့် ဒီပါ  ငြိမ်းချမ်းကို ယုလေးနွယ်အား  ချစ်ခွင့်ပန်ရန် အမြဲ တွန်းအားပေးခဲ့သည်။

           "မင်းပြောခိုင်းလို့သာ ချစ်ခွင့်ပန်ရမှာ   ငါ ယုလေးနွယ်ကို ရင်မခုန်ဘူးကွ.."။
ငြိမ်းချမ်းရဲ့ အပြောကိုလက်မခံဘဲ ဒီပါ ဆက်ပြီး တွန်းအားပေးခဲ့သည်။
            မကြာမှီပင် ငြိမ်းချမ်းနဲ့ ယုလေးနွယ်တို့ သမီးရည်းစားဖြစ်သွားကြသည်။ ငြိမ်းချမ်းနှင့် ယုလေးနွယ်သမီးရည်းစားဖြစ်သွားကြ‌ေသာအခါ  ရင်ထဲမှာ ဟာတာတာနှင့်။  ဒီပါ ဘာကို ဘယ်လိုခံစားနေလို့
ခံစားရမှန်း မသိ။ ယုလေးနွယ်ကြောင့်လား...။ မဖြစ်နိုင်ပါ ။
ဒီပါ ယုလေးနွယ်ကို စိတ်ထဲက ရှင်းထုတ်ခဲ့တာပင် ကြာပြီဖြစ်သည်။
ယုလေးနွယ်အပေါ်ထားတဲ့ ငြိမ်းချမ်းရဲ့ အေးတိအေးစက် စိတ်ကိုလည်း ဒီပါ သိနေခဲ့ သည်။
            ချစ်သူဖြစ်ပြီး နှစ်လအကြာမှာပင် ယုလေးနွယ်ဆီက ရင်ဖွင့်စကားများ ဒီပါ ကြားခဲ့ရခြင်း ဖြစ်သည်။
ဒီကိစ္စအတွက် ဒီပါ တာဝန်မကင်း သလိုခံစား‌ေနရသည်။
ဒီပါ ငြိမ်းချမ်းနှင့် တွေ့ကာ ယုလေးနွယ်အကြောင်း ဆွေးနွေးမှ ရတော့မည်ဖြစ်သည်။

အခန်း(၃)

ဒီပါတစ်ယောက်
ငြိမ်းချမ်းနှင့်တွေ့ဖို့ ချိန်းရသည်။
အရင်က ငြိမ်းချမ်းကို တွေ့ရအောင်ဟု အချိန်းအချက်လုပ်လျှင် လက်ဖက်ရည်ဆိုင် သို့မဟုတ် ကျောင်းကန်တင်း မှာသာ
တွေ့ဖြစ်ကြသည်။
အခုတော့ ဘီယာဆိုင်မှာပင် တွေ့မည်ဆိုသောကြောင့် ဒီပါ့အတွက် အထူးအဆန်းဖြစ်နေမိသည်။
ငြိမ်းချမ်း ခုရက်ပိုင်း ဘာတွေဖြစ်နေသည်ဆိုတာ အနေနီးတဲ့ ဒီပါပင် မသိတော့ချေ။

ချိန်းထားတဲ့ဆိုင်ကို ဒီပါ ရောက်သွားတော့
ငြိမ်းချမ်းတစ်ယောက် ရေချိန်ကိုက်ကာ အတော်လေး မူးနေပြီဖြစ်သည်။
ငြိမ်းချမ်း တစ်ခါမှ မသောက်ဖူးသော ဘီယာတွေသောက်ကာ အတော်ယစ်မူးနေသည်။  ဘာမှမဖြစ်ခဲ့သည့်အတိုင်း ထွေရာလေးပါး  ပြောနေသည်။

"ငါ မင်းလို ယောကျာ်းပီသချင်တယ် ဒီပါ.."။ ငြိမ်းချမ်း ပြောနေတဲ့စကားတွေရဲ့ အဓိပ္ပာယ်ကို ဒီပါဘယ်လိုမှ နားမလည်ပါ။ အရက်မူးနေသည့်အတွက် စကား‌တွေက လုံးထွေးနေသည်။ ငြိမ်းချမ်း၏ စကားတွေ အမူအယာတွေကအစ ခါတိုင်းနှင့်မတူ ဆန်းပြားနေသည်။

" ဘာလဲ မင်းက ငါ့လို အရက်သောက်၊ ဘီယာသောက်၊ ဆေးလိပ်သောက်၊ ရန်ဖြစ်၊ ဖဲဝိုင်းထိုင်ချင်တာလား. ငြိမ်းချမ်း..."

ဒီပါ စိတ်မရှည်တော့တာမို့ ငြိမ်းချမ်းကို
ငြောတူးတူး ပြောလိုက်မိသည်။

"ဒီအလုပ်တွေက ယောကျာ်းလေး‌ေတွ
တင်မကဘူး မိန်းမတွေလည်း လုပ်လို့ရပါတယ် ဒီပါရာ ငါပြောချင်တာကကွာ ငါအရင်ဘဝက ယောကျာ်းဘဝနဲ့ သူများ သားမယားကို တစ်ခုခုကျူးလွန်ခဲ့တာဖြစ်မယ်..ထင်တယ်.."။
ငြိမ်းချမ်း ပြောသည့် စကားတွေရဲ့ အနက်အဓိပွာယ်ကို  ဒီပါ နားလည်လိုက်ပါပြီ။ ငြိမ်းချမ်းကို နှစ်သိမ့်ပေးနိုင်မည့်  စကားလုံး တစ်ချို့ကို စဉ်းစားနေမိသည်။
ယစ်မူးရီဝေစွာ ပြောပြနေသည့် ငြိမ်းချမ်းရဲ့ စကားကိုကြားပြီး ဒီပါ စိတ်မကောင်း
ဖြစ်နေမိသည်။

"သိပ်တော့ အတွေးမခေါင်ပါနဲ့  ငြိမ်းချမ်းရာ လူတစ်ယောက်အတွက် စိတ်က အဓိကပါပဲ စိတ်ကိုနိုင်ရင် အရာအားလုံးနိုင်ပါတယ် အရာရာပြုပြင်နိုင်ပါတယ်  .."။
ဒီပါ...ငြိမ်းချမ်းကို နှစ်သိမ့်စကားပြောရင်း ရှေ့မှချထားတဲ့ ဘီယာခွက်ကို ယူကာ မော့သောက်လိုက်သည်။

"ဒါဆို ငါအရာရာ ပြောင်းလဲ နိုင်တယ်လို့ မင်းဆိုလိုတာလား ဒီပ.."။
ဒီနေ့ ဒီပါနှင့် ငြိမ်းချမ်း တွေ့ဖြစ်ကြတဲ့ ခေါင်းစဉ်က ယုလေးနွယ်အကြောင်း မဟုတ်ပဲ ငြိမ်းချမ်းရဲ့ဖြစ်တည်မှုဆိုသော  ခေါင်းစဉ်အောက် ရောက်သွားသည်။ ဒီပါ တစ်ယောက် ငြိမ်းချမ်း၏ အမေးစကားတွေအောက်မှာ  ဘာဖြေရမှန်းမသိအောင် အကြပ်ရိုက်နေသည်။

"အရာအားလုံးမဟုတ်ပေမယ့် အဆိုးကို အကောင်းဘက်ပြုပြင်ရင် ထိုက်သင့်သလောက် ကောင်းလာမှာပါ ပြီးတော့ မင်းအနေနဲ့ မင်းဖြစ်တည်မှုကိုလည်း တန်ဖိုးထား လေးစားရမယ်၊ လက်ခံနိုင်ရမယ် ငြိမ်းချမ်း။ ပြီးတော့ မင်းရင်ထဲ မွန်းကြပ်နေတဲ့အရာတွေကို ဖွင့်ထုတ်လိုက်စမ်းပါ ငြိမ်းချမ်းရာ "။
ဒီပါ ဂရုဏာသက်စွာ ပြောလိုက်မိသည်။ ငြိမ်းချမ်းကို  ဒီပါ သနား‌ေနမိသည်။
စားပွဲဝိုင်းပေါ်က အမြည်း အနည်းငယ်ကို စားရင်း ငြိမ်းချမ်း ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ဆက်ပြောသည်။

"အေးကွာ ငါတို့ ဗုဒ္ဓအပိုင်းနဲ့ကြည့်မယ်ဆိုရင် ဝဋ်ကြွေးဆိုတာရှိတယ် ဒီဝဋ်ကြွေးကို ငါအကြောက်ဆုံးပဲ ဒီပါ ၊ ရခဲလှတဲ့ လူ့ဘဝမှာ ယောကျာ်းတစ်ယောက်ဖြစ်ပေမယ့် ယောကျာ်းပီသဖို့ဆိုတာ တော်တော်မလွယ်တဲ့အရာပဲ ငါကြောက်တယ် ဒီပါ ငါ့ဖြစ်တည်မှုကို ငါလက်ခံရမှာလည်းကြောက်တယ်
မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအရ ဒါဟာ လူတိုင်းနှာခေါင်းရှုံကြတဲ့အရာ၊
လူတိုင်းလက်မခံနိုင်တဲ့အရာပဲ ဒီပါ
ငါလက်ခံဖို့အတွက် သတ္တိမရှိဘူး ကြောက်နေမိတယ် ငါ့မိဘတွေ ပြီးတော့ ငါ့အသိုင်းအဝိုင်း ငါ့ရဲ့ ပတ်ဝန်းကျင် လူတစ်ချို့ရဲ့ မျက်လုံးအကြည့်တွေ ကဲ့ရဲ့မယ့်စကားတွေ ငါခံနိုင်မှာ မဟုတ်ဘူး အားလုံးက ငါ့ကိုကျဥ်ထားကြမှာ..ပြီးတော့ ငါ ချစ်‌ေနတဲ့သူ ငါ့ကို အထင်သေးမှာဆိုးတယ် "။
စကားသံလေးတွေမှာ ငိုသံလေးတွေ ရောစွက်နေသည်။ငိုသံ‌ေရာစွက်‌‌ေနတဲ့ ငြိမ်းချမ်းရဲ့ စကားသံတွေ နားထောင်းရင်း ငြိမ်းချမ်း ဘယ်လောက် မွန်းကြပ်နေသည် ဆိုတာ ဒီပါခံစားမိသည်။
ငြိမ်းချမ်းအတွက်  ဒီပါ စိတ်မကောင်း‌ေပ။ လောက၌ရှိသော လူတိုင်းမှာ ဝှက်ကိန်းဆိုတာ ရှိပေလိမ့်မည်။ ဒီဝှက်ကိန်းကို ပြသဖို့ အတွက် ဘယ်လောက်တောင် အားတင်းတောင့်ခံထားရမလဲ ဒီပါ နားလည်မိသည်။
လှောင်ပိတ်ပြီးမှောင်နေတဲ့ အခန်းလေးထဲမှ လိပ်ပြာတစ်ကောင်အား ဒီပါ တံခါးဖွင့်ပေးချင်မိသည်။

"ဟေ့ကောင် ငြိမ်းချမ်း မင်းဘာမှ အားငယ်စရာမလိုဘူး ပြီးတော့ မင်းရဲ့ဖြစ်တည်မှုကြောင့် မင်းကြောက်ရွံ့နေစရာမလိုဘူး မင်း ဘက်မှာ ဘယ်သူမှမရှိရှိ ငါရှိတယ် ငြိမ်းချမ်း.." ။
ငြိမ်းချမ်းတစ်ယောက် ခေါင်းငိုက်စိုက်ကာ နားထောင်နေရင်းမှ  ဒီပါ၏ စကားသံကြောင့် ခေါင်းမော့ကာ မျှော်လင့်ချက် ရောင်ခြည်သမ်းနေသော အကြည့်များဖြင့်ကြည့်သည်။
ဒီပါတစ်ယောက် ငြိမ်းချမ်း၏ ပခုံးကို လက်က‌လေးများဖြင့် ဆုပ်ကိုင်ကာ အားပေးလိုက်သည်။
ယုလေးနွယ်နှင့် ငြိမ်းချမ်းကို နီးစပ်အောင် တွန်းအားပေးမိခဲ့သည့် ကိုယ့်ကိုကိုယ် ဒီပါ  လိပ်ပြာမလုံဖြစ်မိသည်။ ငြိမ်းချမ်း၏ စိတ်ကို နားမလည်နိုင်ခဲ့သည့် ကိုယ့်ကိုကိုယ်လည်း ဒီပါ စိတ်တိုနေမိသည်။

"ဒါနဲ့ မင်း ချစ်နေတဲ့သူက ဘယ်သူများလဲ..."။
ဒီပါ သိချင်စိတ်ကို မျိုသိပ်မထားနိုင်သည့်အဆုံး မေးလိုက်မိသည်။ ဒီပါ အတတ်နိုင်ဆုံး ငြိမ်းချမ်းကို ကူညီပေးချင်သည်။

"မျိုးထွန်းလား.."
ငြိမ်းချမ်း ခေါင်းကိုဘယ်ညာရမ်းကာ မဟုတ်ကြောင်း အဖြေပေးသည်။

"ဒါဆို ကျော်စွာလား.."
စသဖြင့် ငြိမ်းချမ်းနှင့်ဒီပါ တို့နှစ်ယောက်၏ အသိမိတ်ဆွေတွေ နာမည် အစဉ်လိုက်
ရွတ်ကာ မေးနေမိသည်။
ငြိမ်းချမ်းက ခေါင်းကို တွင်တွင်ခါကာ ငြင်းသည်။ ဒီပါ စိတ်မရှည်တော့ပါ။

မူးယစ်ရီဝေနေသော အကြည့်စူးစူးများဖြင့်
ငြိမ်းချမ်း တစ်ယောက် ဒီပါ့ကို စိုက်ကြည့်နေသည်။

"မင်း နာမည်တွေ အကုန်ရွတ်ပြီးပြီလား ဒီပါ."။
ဒီပါတစ်ယောက်  ဉာဏ်နည်းမှုကြောင့် ငြိမ်းချမ်း၏  စကားအနက် အဓိပွာယ်ကို ချက်ချင်းချေ။
ဒီပါနှင့် ငြိမ်းချမ်း တို့နှစ်ဦးကြား စကားသံတွေက တိတ်ဆိတ်သွားသည်။

"မင်း ခုထိ မသိသေးဘူး ဒီပါရာ ...အေ့ ...ငါ ချစ်တာက..."
ငြိမ်းချမ်းတစ်‌ေယာက် စကားမဆက်နိုင်တော့ပဲ ငြိမ်ကျသွားသည်။ ငြိမ်းချမ်း တစ်ခါမှမသောက်ဖူးသော အရက်များ သောက်ပြီး မလှုပ်နိုင်အောင် မှောက်သွားသည်။

ငြိမ်းချမ်း ဆက်ပြောမည့် စကားများ၏ အဓိပ္ပာယ်ကို  ဖော်ဆောင်နိုင်ဖို့တော့ ဒီပါ ဉာဏ်မနည်းလှပါ။

အရေီ့မှ စားပွဲဝိုင်း‌ေလး‌ေပါ်မှာ မှောက်၍ လူမှန်းမသိလှအောင် မူးကာလဲကျ‌ေနသော ငြိမ်းချမ်းကို ကုန်းပိုးကာ ဒီပါတစ်ယောက် အဆောင်ပြန်လာခဲ့ရတော့သည်။

အခန်း (၄)
First Semester ပြီးခါနီးမှာ ယုလေးနွယ်လည်း ကျောင်းပြောင်းသွားသည်။ 
ယုလေးနွယ်ကို  ဒီပါ အမြဲတမ်း
အားနာနေမိသည်။ကျောင်းတွေပြီးဆုံးသွားပြီး လုပ်ငန်းခွင်ဝင်သည် အထိ ဒီပါနှင့်ငြိမ်းချမ်းတို့ နှစ်ယောက်လုံး ယုလေးနွယ်နှင့်မတွေ့ဖြစ်ကြတော့ပေ။
နှစ်တွေ အများကြီးကြာသွား‌ေသာ်လည်း ယုလေးနွယ်နှင့် တစ်ခါမှ ပြန်မဆုံဖြစ်ကြတော့‌ေချ။ ပြန်လည်းမဆုံချင်‌ေတာ့ပေ။

လုပ်ငန်းခွင်ပြီး မကြာခင်မှာပင် မိဘတွေကို အသိပေးကာ ဒီပါတစ်ယောက် အိမ်ထောင်ပြုလိုက်သည်။
သူ့ကို ဒီပါ အရမ်းချစ်ရပါသည်။
သူ့အပေါ်ထားတဲ့ အချစ်တွေ ဘယ်အချိန်ကတည်းက နှလုံးသားထဲမှာ စတင် သန္ဓေတည်ခဲ့သည်ဆိုတာ ဒီပါ
ကိုယ်တိုင်တောင် မသိခဲ့ချေ။

ခုလို မိုးတွေစွေနေတဲ့ ရာသီဆို ဒီပါ ကိုယ်တိုင်ဖန်တီးခဲ့မိတဲ့ အတိတ်ကို တစ်ခါတရံ သတိရမိသည်။ ယုလေးနွယ်လည်း ဒီပါ့ကို ခွင့်လွှတ်နိုင်မည်ထင်သည်။
ယုလေးနွယ်ကို သတိရပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်သည့်အချိန်တိုင်း ဒီပါ့  သူ့ကို ပြောပြမိသည်။

"ကို ယုလေးနွယ်ကို သတိရတယ် ပြီးတော့ ပြန်တွေ့ရင် တောင်းပန်ချင်တယ် အချစ်ရယ်..."။
သူ လည်း ဒီပါ့၏ ယခုလိုရာသီရောက်တိုင်း ပြောပြနေသော ဓာတ်ပြားဟောင်းကြီးကို နားထောင်ချင်တော့မှာ မဟုတ်ပေ။

Uniformအင်္ကျီကို ထုတ်ပေးရင်း စိတ်မရှည်သည့်လေသံဖြင့် မနေနိုင်သည့်အဆုံး ပြောလာသည်။
"မင်း ဒီအကြောင်းတွေ ဘယ်အချိန်ထိ ပြောနေမှာလဲ ဒီပါရာ...နားညီးလာပြီ ငါတောင် မေ့မေ့ပျောက်ပျောက် နေနိုင်နေပြီ  စကားမများနဲ့တော့ ထမင်းခူးပြီးပြီ  လာထမင်းသွားစားမယ်      ဟေ့ကောင်.."

ဟာကွာ ဒီကောင် ငြိမ်းချမ်းက
Romantic မဆန်လိုက်တာ။
© Htin Lynn,
книга «Password (ဝှက်ကိန်း)».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
Sandy Crown
Password (ဝှက်ကိန်း)
очень интересно
Відповісти
2020-10-21 13:55:43
1