ကိုႀကီး (Zawgyi)
ကိုကြီး (Unicode)
ကိုကြီး (Unicode)
♥ " ကိုကြီး " ♥
_________

တိတ်ဆိတ်နေတဲ့ တစ်ခန်းလုံးကို လွှမ်းပြီးထွက်ပေါ်လာတဲ့ Bell သံကြောင့် လူက ရုတ်တရက်တော့ ဆတ်ခနဲဖြစ်မိသွားသည် ။ စက္ကန့်ဝက်လောက် လန့်သလိုဖြစ်သွားမိတဲ့ စိတ်က ချက်ချင်းပြန်လည်ငြိမ်ကျ၏ ။ ရင်ခွင်ထဲကဂစ်တာကို ဘေးသို့ချရင်း တံခါးသွားဖွင့်ဖို့ မတ်တပ်ရပ်ပြီးမှ မွှေးပွကော်ဇောပေါ်မှာရှိနေတဲ့ စီးကရက်တိုတချို့နဲ့ပြည့်နေသော ဖန်ခွက်ကိုတစ်ချက်ကြည့်မိသည် ။

ဒီဖန်ခွက်ကို သိမ်းလိုက်သင့်သလား ။

သိမ်းလိုက်သင့်သလား ဆိုတဲ့ တခဏအတွေးကို ဘာဖြစ်လဲ အရှိအတိုင်းပေါ့ ဟူသော ဆုံးဖြတ်ချက်က ချက်ချင်းပြန်ကာတိုက်စားပစ်သည် ။ ထို့နောက် တံခါးရှိရာကို လှမ်းသွားရင်း ဆွဲဖွင့်လိုက်တော့ ကျောပိုးအိတ်တစ်လုံးလွယ်ကာ ခေါင်းငုံ့ရပ်နေလေသောသူ ။

" လာလေ ကောင်း "

နှုတ်ကလည်း ပြောရင်း သူဝင်လို့ရအောင် တံခါးဝကနေ ခန္ဓာကိုယ်ကို ယိမ်းကာဖယ်ပေးလိုက်တော့ သူက ကျောပိုးအိတ်ရဲ့ကြိုးတစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ငုံ့ထားတဲ့ခေါင်းကိုမော့ကာ ခပ်လျှမ်းလျှမ်း တစ်ချက်ကြည့်လာပြီးမှ ဖွင့်ထားတဲ့တံခါးဆီကနေ အခန်းထဲကို ဖြည်းဖြည်းချင်း လှမ်းဝင်လေသည် ။

၄ နှစ်ကျော်ကြာပြီးမှ ပထမဆုံးပြန်လည်တွေ့ဆုံခြင်းပေမယ့် စိမ်းသက်မှုတို့ ရှိမနေသလိုပါပဲ ။

သူ ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီးသည်နှင့်

" ဘာသောက်မလဲ ကောင်း ၊ ထုံးစံအတိုင်း Cola ပဲလား "

" ငါ ရောက်လာတာကို နင် မအံ့သြဘူးလား ဂျီ "

" သူငယ်ချင်းတစ်ယောက်ရှိတဲ့ဆီကို နောက်သူငယ်ချင်းတစ်ယောက်က ရောက်လာတဲ့ကိစ္စမှာ မဖြစ်မနေ အံ့သြစရာလိုလို့လား "

သူက ဟုတ်ပါပြီဆိုတဲ့ သဘောမျိုးဆန်စွာ ခေါင်းကို သုံးချက်လောက်ဆင့်ပြီး ငြိမ့်ပြလာသည် ။ သူလာမယ့်အကြောင်းကို အန်တီလေးပြောပြထားလို့ ကြိုသိပြီးသားဖြစ်တယ်ဆိုတာကိုတော့ ထုတ်မပြောဖြစ်လိုက် ။

Cola ကို ဖန်ခွက်ထဲထည့်ပြီးမှသောက်တတ်သူကို သူ့အကြိုက်အတိုင်း ဖန်ခွက်နှင့်ထည့်ပေးပြီးမှ သူ့ရှေ့စားပွဲပေါ်မှာ တင်ပေးမိသည် ။ သူက Cola ဖန်ခွက်ကိုတစ်လှည့် မွှေးပွကော်ဇော်ပေါ်က ဂစ်တာနဲ့စီးကရက်ပြာခွက်ကိုတစ်လှည့် ကြည့်ရင်း

" ငါ တောင်းပန်ပါတယ် ဂျီ "

သူ့မျက်ဝန်းတွေက သူ့ရဲ့နှုတ်ထွက်တောင်းပန်စကားနဲ့အပြိုင် တစ်စုံတရာကို နောင်တရနေဟန်တို့က အထင်းသား ။ ဘယ်လိုတုန့်ပြန်ရမှန်းမသိစွာ ပြုံးပြလိုက်မိတော့ သူက မျက်နှာပျက်လေသည် ။

အင်း...ရွဲ့တယ်များ ထင်သွားလေသလားမသိ ။ တကယ်တော့ ထိုသို့မဟုတ်ရပါ ။ ဒီအတိုင်း ပြုံးလိုက်ခြင်းသာဖြစ်ပါသည် ။

" ငါ့ကို စိတ်ဆိုးနေတုန်းပဲလား "

သူ့ရဲ့မေးခွန်းကို ပြုံးနေလျက်ကပဲ ခေါင်းယမ်းပြလိုက်တော့ သူက မယုံသလိုကြည့်လာပြန်သည် ။ ရော်....ခက်ကပြီ ။

" ဒါနဲ့ အခု ဒီကို ဘာလာလုပ်တာလဲ ကောင်း "

မေးခွန်းထဲက ဒီကို..ဆိုတာ လက်ရှိသူရောက်နေတဲ့အခန်းကို ပြောတာမဟုတ်ဘဲ Singapore ဆိုတဲ့ ဒီနိုင်ငံကို ဆိုလိုတာဖြစ်ကြောင်း သူသိလိမ့်မည်ထင်ပါသည် ။

" ငါ နင့်ကို လာချော့တာလေ ဂျီ "

" မြန်မာနိုင်ငံကနေ...Singapore အထိကို?? "

" အင်း... "

" ၄ နှစ်တောင်ကြာပြီးမှ လာချော့တာ?? "

" အင်း အခြေအနေက အဲ့လိုဖြစ်သွားတယ် "

" အော... "

ဘာပြန်ဖြေရမှန်းမသိစွာ အော.. ဟု အသံပြုမိတော့ သူက ဆက်ပြောလာသည် ။

" ငါ နင့်ကို တောင်းပန်ပါတယ် ဂျီ ၊ ဒါက ငါလုပ်ခဲ့တဲ့ကိစ္စတွေအပေါ် မှားတယ်ထင်လို့ တောင်းပန်တာမျိုးတော့မဟုတ်ဘူး "

" ဒါဖြင့် နင်က ဘာကိုတောင်းပန်တာလဲ ကောင်းရဲ့ "

" နင့်ခံစားချက်တွေအတွက် တောင်းပန်တာ ၊ နင် ဒီလိုစိတ်...ဒီလိုပုံစံ ဖြစ်သွားရတာတွေအတွက် တောင်းပန်တာ ၊ နင်ဒီလိုပြောင်းလဲသွားရတာတွေရဲ့ အခြေခံအကြောင်းရင်းက ငါ့ကြောင့်ပဲမဟုတ်လား "

သူ့ကြောင့်တဲ့လား...။ မဟုတ်ဘူးလို့ အတတ်ပြော၍မရသလို ဟုတ်တယ်လို့လည်း အတိအကျပြောလို့မရပြန်ပါ ။ အဓိက,ကတော့ ကိုယ့်စိတ်ကြောင့်ပဲ မဟုတ်လား ။

" နင် ဒီအတွက် ကိုယ့်ကိုယ်ကို guilty ဖြစ်သလို ခံစားမနေပါနဲ့ ၊ ငါ နင့်ကို စိတ်မဆိုးပါဘူး "

" နင် စိတ်ဆိုးခဲ့ပါတယ် ဂျီရယ် ၊ နင် ငါ့ကို စိတ်ဆိုးလို့ ငါနဲ့ဝေးတဲ့ ဒီ Singapore ထိ ထွက်သွားခဲ့တာပေါ့ "

သူ့စွပ်စွဲမှုဟာ တစ်ဝက်ပဲမှန်ပါသည် ။ တကယ်တော့ သူနဲ့ဝေးရုံတင်မဟုတ်ဘဲ အားလုံးနဲ့ဝေးချင်ခဲ့တာပါ ။ ဒါပေမယ့်လည်း ရှင်းမပြချင်ချင်သည်မို့ သူ ထင်နေလက်စအတိုင်း ထားလိုက်ဖို့သာ တွေးမိပြန်သည် ။ စိတ်အခြေအနေက အဲ့လိုပဲ....ဘယ်သူ့ကိုမှ ရှည်ရှည်ဝေးဝေး ရှင်းမပြချင်ဘဲ ထင်သလိုနေပစ်တတ်လာသည်မှာ အကျင့်ကြီးတစ်ခုလိုတောင်ဖြစ်လို့ ။

" အဲ့ဒီတုန်းက ဘာမှမဖြစ်ခဲ့ဘဲ အခုမှ ဘာလို့ ငါစိတ်ဆိုးတဲ့ကိစ္စကို အရေးတယူလာလုပ်နေတာတုန်း ကောင်းရဲ့ ၊ အော...တစ်ခုတော့ ပြောချင်တယ် ၊ ငါ အခုချိန်မှာ နင့်ကို စိတ်ဆိုးမနေဘူးနော် ၊ ဒါ ငါ အမှန်အတိုင်းပြောတာ "

သူဟာ ခေါင်းငုံ့ကာ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်း

" အဲ့ဒီတုန်းက ဘာမှမဖြစ်ခဲ့တာမဟုတ်ဘူး ဂျီ ၊ နင်သိအောင် ဖြစ်မပြခဲ့တာပါ "

" အခုကျတော့ ငါသိအောင်ဖြစ်ပြလို့ရသွားပြီပေါ့ "

" မရွဲ့ပါနဲ့ ဂျီ ရယ် "

ဟော...စိတ်ထဲရှိတဲ့အတိုင်းမေးတာကို ရွဲ့တယ်ထင်ပြန်ပြီ ။ ဖြေရှင်းမနေချင်တာနဲ့ ငြိမ်နေလိုက်မိသည် ။

" မွေးကတည်းက အတူတူရှိလာတဲ့ သူတစ်ယောက် အဝေးကိုထွက်သွားတဲ့ကိစ္စမှာ ငါက ဘာမှမခံစားရဘဲ နေမတဲ့လား ဂျီ ရာ ၊ ပြီးတော့ ရိုးရိုးတန်းတန်းထွက်သွားတာမဟုတ်ဘဲ ငါ့ကိုစိတ်ဆိုးပြီး ထွက်သွားတာလေ "

သူ့စကားတွေဟာ အလိမ်အညာတွေမဟုတ်မှန်း ခံစားလို့ရပါသည် ။ နှစ်ယောက်သားရဲ့ကြားက သံယောဇဉ်ဆိုတာ နည်းနည်းနောနောမှမဟုတ်တာပဲ ။

" ငါ့စိတ်နဲ့ငါဆိုရင် နင်ထွက်မသွားအောင် ကျိန်းသေပေါက် တားမှာပေါ့ ၊ ဒါပေမယ့် နင့်မာမီက နင်တည်ငြိမ်သွားအောင် အချိန်တစ်ခုထိ လွှတ်ထားပေးလိုက်ပါဆိုလို့.... "

အခုမှပြန်သိရတဲ့ အကြောင်းအရာတွေဆိုပေမယ့်လည်း ထူးပြီးအံ့ဩမနေမိတော့ပါ ။ မာမီ နဲ့ ကောင်း ဆိုတာက အမြဲတမ်း တစ်ဖက်ထဲမှာရှိခဲ့ကြသူတွေမဟုတ်လား ။ ကောင်းရဲ့ ဖြေရှင်းချက်လိုလို ထိုစကားတွေကို နားထောင်ရသည်မှာ စိတ်ရှုပ်လာမိတာကြောင့်

" ငါ ဒီအကြောင်းတွေကို နင်နဲ့ပြန်ပြောမနေချင်တော့ဘူး ကောင်း "

" ဂျီ... "

ဆက်ပြောဖို့ပြင်နေသော သူ့ကို တားတဲ့အနေနဲ့ လက်ကာပြလိုက်ရင်း

" အဲ့ဒီအချိန်တွေတုန်းက ငါ နင့်ကို စိတ်ဆိုးခဲ့တယ် ၊ ဒါပေမယ့် အခု စိတ်မဆိုးတော့ဘူး ၊ အဲ့ဒီတုန်းက နင့်လုပ်ရပ်ကို မှန်တယ်လို့ယူဆလိုက်တာမျိုးမဟုတ်ပေမယ့် မှားတယ်လို့လည်း မစွပ်စွဲချင်တော့ဘူး ၊ ဒီတော့ ငါတို့ကြားမှာ ဒီပြဿနာကို မရှိသလိုပဲ သဘောထားလိုက်ကြစို့ "

နှစ်ယောက်ကြားမှာ ပြောစရာစကားတွေ ကုန်သွားသလို တိတ်ဆိတ်သွားကြပြန်သည် ။ တော်တော်ကြာမှ သူက ဂစ်တာနဲ့စီးကရက်ခွက်ရှိရာကို တစ်ချက်လှမ်းကြည့်ရင်း

" နင် ဒီလိုတွေ လုပ်နေတာမြင်တော့ ငါ့အပြစ်မကင်းသလို ခံစားရတယ် ဂျီ "

" ဘာလဲ မလုပ်သင့်ဘူးဆိုပြီး တားဦးမလို့လား "

" နင်က မိန်းကလေးလေ ဂျီ ရာ "

ကောင်းရဲ့စကားကြောင့် ခေါင်းကိုမော့လှန်၍ရယ်ပစ်လိုက်မိသည် ။

" အဲ့လို ပညတ်ချက်တွေက အခုထိမပြီးနိုင်သေးဘူးလား ၊ ဆယ်ကျော်သက်မို့...မိန်းကလေးမို့...နောက်ထပ်ရော ဘာအကြောင်းပြချက်နဲ့ ပညက်ချက်တွေ ကျန်သေးလဲ ကောင်း "

" ကျွတ် နင် ငါ့ကို နားမလည်ဘူးပဲ ဂျီ "

" နင်ကရော ငါ့ကို နားလည်ခဲ့လို့လား ကောင်းရဲ့ "

အေးစက်စက်ပြုံးရင်းမေးမိတော့ သူက လက်နှစ်ဖက်ကို ခပ်မြင့်မြင့်မြှောက်ပြကာ

" ငါ အရှုံးပေးတယ် ဂျီ...Ok? "

သူက အရှုံးပေးတယ်ဆိုတိုင်း တစ်ဖက်က နိုင်သွားတာမျိုးမှမဟုတ်ဘဲ ။ ထားလိုက်ပါတော့လေ ။

ကောင်းကတော့ စကားတွေဆက်ပြောနေသည် ။ ပြောတဲ့စကားတွေအများကြီးထဲက " လူပုံမတင်တတ်တဲ့ နင့်ရဲ့ Facebook acc မှာ စီးကရက်ကိုင်ထားတဲ့ လက်ပုံလေးကိုတွေ့လိုက်ရတော့ ငါဘယ်လောက်လန့်သွားတယ်ထင်လဲ ဂျီ " ဆိုတဲ့စကားကြောင့် ရယ်မိရသေးသည် ။ အကြာကြီးနေပြီးတော့ သူ ပြန်ဖို့ပြင်သည် ။

တံခါးဝနားရောက်ကာမှ

" နင်က အရင်လို အာပေတူးရုပ်လေးမဟုတ်တော့ဘူး ၊ ငါ့ ဂျီကောင်လေးက လှလာပြီ " တဲ့ ။

" ငါက အရင်လို ဆယ်ခြောက်နှစ်မ မဟုတ်တော့ဘူးလေ " ဆိုတော့ မျက်နှာပျက်ပြန်၏ ။ မျက်နှာပျက်သွားပုံထောက်တော့ ဒီစကားရဲ့ အတိမ်အနက်ကို မှတ်မိသေးတဲ့ပုံပါပဲ ။ ထို့နောက်မှာ ပျက်သွားတဲ့မျက်နှာကိုပြင်ပြီး စ,နောက်သည့်စကားလုံးတချို့နဲ့ အခြေအနေကို ပြန်ထိန်းလာသည် ။

" အရင်က ရုပ်ဆိုးလို့ ကြိုက်မယ့်သူမရှိခဲ့ပေမယ့် အခုတော့ ငါ့သူငယ်ချင်းလေးကို ချစ်ချင်သူတွေဝိုင်းဝိုင်းလည်နေရောပေါ့ "

သူ ရုပ်ဆိုးတယ်လို့ ဝေဖန်နေတဲ့ မပြင်တတ်မဆင်တတ်နဲ့ ဆယ်ခြောက်နှစ်သမီး ဂျီ့အား သဘောကျခဲ့သူတစ်ယောက်ရှိဖူးတာကို သူ မေ့နေလေသလား ။ မဟုတ်ဘူး...မဟုတ်ဘူး ။ ကိုကြီး ဂျီ့ကို သဘောကျတယ်ဆိုတဲ့အဖြစ်ကို သူက ယုံကိုမယုံခဲ့တာမျိုး ၊ လက်ကိုမခံခဲ့တာမျိုးပါ ။

ရှိပါစေတော့...။ သူ ထင်သလိုတွေ မဟုတ်ကြောင်း ယခင်ကလည်း သက်သေပြဖို့အခွင့်မရှိခဲ့သလို ယခုလည်း သက်သေပြစရာ အခွင့်က ရှိမနေပြန်ပါ ။ ရင်ထဲမှာ အပြန်အလှန်သေချာနေတဲ့ ခံစားချက်တွေဆိုတာကလည်း အကောင်အထည်ထုတ်ပြလို့ရတာမျိုး မဟုတ်သည်မို့ သူယုံကြည်အောင် သက်သေပြဖို့ရာ ကောင်းမွန်သောအလီဘိုင်တစ်ခု ဖြစ်မလာခဲ့ ။

ဟင့်အင်း....ရှေ့ဆက်လို့ မတွေးချင်တော့ပြီ ။

ထို့နောက် ကောင်း ပြန်သွားသည် ။ ဘယ်မှာတည်းနေလဲ...ဘယ်တော့ပြန်မှာလဲ...ဘာဆိုဘာမှ မမေးဖြစ်လိုက် ။

အတိတ်တွေက အသစ်လိုပြန်ဖြစ်ကာ ကျက်ပြီးသားအနာကို အဆွခံလိုက်ရသကဲ့သို့ ရှိပြန်လေသည် ။ လွင့်လူးနေတဲ့စိတ်တို့က စီးကရက်အကူအညီနဲ့တောင် ပြန်ပြီး မတည်ငြိမ်နိုင် ။

အန်တီလေးပြန်ရောက်လာပြီး " ကောင်း လာသွားတာလား " ဆိုတဲ့ အမေးကို အင်း ဟုသာ ပြန်ဖြေမိသည် ။ ကောင်း လာသွားတယ်ဆိုတာကို သိလိုက်ရုံနဲ့ ဘာတစ်ခုမှ ဆက်မေးမလာတဲ့ အန်တီလေးဟာ ဂျီ့အပေါ်မှာ နားအလည်ပေးနိုင်ဆုံးသူပါပဲ ။

အန်တီလေးနဲ့နေရတာ ထူးပြီးပျော်စရာရယ်လို့မရှိသော်လည်း စိတ်ချမ်းသာရသည် ။ အန်တီလေး ဆယ်ကျော်သက်ဘဝကလည်း ဂျီ့လိုအဖြစ်မျိုးနဲ့ထပ်တူနီးပါးကို ကြုံတွေ့ခဲ့ရဖူးသည်မို့ တူမဖြစ်သူဂျီ့အား သူ့အဖြစ်နှင့်ယှဉ်ကာ ကိုယ်ချင်းစာနိုင်ခဲ့ပုံရလေသည် ။ ဂျီ့မေမေကတော့ ဘဝတွေကို အစဉ်အဆက် ခြယ်လှယ်နိုင်သူကြီးပါပဲ ။

နောက်ဆက်တွဲဖြစ်ရပ်တွေကတော့ အန်တီလေးက အပျိုကြီးဖြစ်သွားခြင်းနှင့် ဂျီကတော့ ခံစားမှုဗလာနဲ့ ထုံပေပေမိန်းကလေးတစ်ယောက် ဖြစ်သွားခြင်းပင် ။

မတွေးချင်သည့် အတိတ်တို့က အတွေးထဲကို တားမရဆီးမရ ဝင်လာနေသည် ။

အင်း တားမရမယ့်အတူတူ ဒီနေ့တစ်ရက်ကိုတော့ စိတ်အလိုလိုက်ပြီး ကိုကြီးကို လွမ်းကြည့်တာပေါ့ ။ ဘယ်လောက်အထိ လွမ်းနိုင်မလဲ မိဂျီ....လွမ်းနိုင်သလောက် လွမ်းပစ်လိုက်စမ်း ။

ထိန်းချုပ်ခံထားရတဲ့ စိတ်တို့က ဇောင်းထဲကလွှတ်လိုက်တဲ့မြင်းရိုင်းပမာ အတိတ်တွေရှိရာ အပြေးအလွှား ။

**********

ထိုနေ့က တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး နီးကပ်လာပြီမို့ အသဲအသန်စာကျက်နေရချိန်ပေါ့ ။ စာတွေကျက်နေရင်းမှ ခေါင်းထဲမှာ ငြီးစီစီဖြစ်လာသည်မို့ ပြတင်းပေါက်ကတစ်ဆင့် လှမ်းမြင်နေရတဲ့ အအေးဆိုင်လေးဆီ အကြည့်ရောက်မိသည် ။ ဘာရယ်မဟုတ် ရောက်မိသွားသည့်အကြည့်တွေကို ပြန်ရုတ်သိမ်းဖို့သတိမရဘဲ အအေးဆိုင်မှာ ထိုင်နေသည့်လူတစ်ယောက်ထံ ငေးမောနေမိခဲ့၏ ။ ပုဆိုးကွက်စိတ်နဲ့ရိုးရိုးရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး စာအုပ်တစ်အုပ်အား စိတ်ဝင်စားစွာငုံ့ဖတ်နေတဲ့ ရိုးရိုးရှင်းရှင်းပုံစံနဲ့ထိုသူဟာ ထူးခြားပြီးချောမောနေတာမျိုးလည်းမဟုတ်ပါဘဲ ဂျီက အကြည့်မလွဲနိုင်ဖြစ်ခဲ့ရတာလေ ။ အသက်အားဖြင့် ဂျီ့ထက်အတော်လေးကြီးပုံရသည်မို့ ကိုကြီး ဟု စိတ်ထဲမှာ တိတ်တဆိတ်ခေါ်ဝေါ်မိသည် ။

စွဲလန်းခြင်းတွေဟာ ထိုနေ့မှစလို့ ဖြစ်တည်ခဲ့ရသည်ထင်၏ ။

နောက်ရက်တွေမှာလည်း သူက စာအုပ်တစ်အုပ်နဲ့ ပုံမှန် အအေးဆိုင်လာထိုင်တတ်သလို ဂျီကလည်း ပြတင်းပေါက်ကနေ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်မိမြဲပင် ။

တစ်ရက်တော့ ဂျီ့သူငယ်ချင်းမလေးတစ်ယောက်က အိမ်မှာစာအတူတူလာကျက်ရင်းနဲ့ ညနေပိုင်းမှာ အိပ်ချင်ပြေ အချဉ်ထုပ်သွားဝယ်ရအောင်ဟုဆိုသဖြင့် လမ်းထိပ်က စတိုးဆိုင်လေးသို့ ထွက်ခဲ့ကြသည် ။ မုန့်ဆိုင်ကအပြန်မှာ မထင်မှတ်ဘဲ ဆုံတွေ့လိုက်ရသည်က ဂျီ့ရဲ့ ကိုကြီး ပင် ။ လမ်းပေါ်မှာ မျက်နှာချင်းဆိုင်ဆုံတွေ့မှုက မထူးဆန်းသော်လည်း ထူးခြားသည်က သူ့ရဲ့အကြည့်တွေ ။ ဂျီတို့နှစ်ယောက်ထံကြည့်လာတဲ့ သူ့အကြည့်တွေက လူစိမ်းတွေကိုကြည့်လာသည့်ပုံမျိုးမဟုတ်ဘဲ ပြုံးတုံ့တုံ့လိုလိုလေးမို့ ဂျီ့စိတ်ထဲ လှပ်ခနဲဖြစ်ရသည် ။

" နင့်ကိုကြည့်သွားတယ်နော် ဂျီ ၊ နင့်အသိလား "

သူငယ်ချင်းရဲ့မေးသံကြားသည့်အချိန်မှာတော့ လှပ်ခနဲဖြစ်မိသည့်စိတ်က ပြန်ကာငြိမ်ကျသည် ။ ကိုကြီးဟာ ဂျီ့ကိုကြည့်တာမဟုတ်ဘဲ သူငယ်ချင်းကိုကြည့်တာက ပိုဖြစ်နိုင်ချေများသည်မဟုတ်လား ။ ဘာကြောင့်လဲဆိုတော့ လူကောင်သေးသေး ပိန်ကပ်ကပ်နဲ့ မလှမပ ဂျီ့ထက် ဂျီ့သူငယ်ချင်းက အပုံကြီးပိုလှသည်လေ ။ နှစ်ယောက်ယှဉ်လျှင် ဂျီ့သူငယ်ချင်းကိုသာ ကြည့်လိမ့်မပေါ့ဆိုတဲ့ သိမ်ငယ်တွေးလေးနဲ့ မျှော်လင့်ချက်တချို့ကို ပယ်ချပစ်ရသည် ။

ကိုယ့်အတွေးနဲ့ကိုယ် ရှေ့သို့သာ ခပ်စိုက်စိုက် ဆက်လျှောက်နေမိစဉ်

" ဟဲ့ ဂျီ ခုနက လူ တို့နောက်ကို လိုက်လာတယ်နော် "

အိမ်ပြန်တဲ့ ခြေလှမ်းတွေဟာလည်း ရင်ခုန်သံတဒိတ်ဒိတ်အောက်မှာ သွက်လက်လို့ ။

နောက်ရက်တွေ အအေးဆိုင်မှာလာထိုင်ရင်း ဂျီရှိတတ်သည့် ပြတင်းပေါက်ကို လှမ်းကြည့်ကာ ပြုံးပြလာတတ်သူကြောင့် သူငယ်ချင်းကို သဘောကျလို့ကြည့်တာဆိုတဲ့ အတွေးတို့က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားရသည် ။

ဘဝရဲ့ပျော်ရွှင်မှုတွေဟာ ထိုနေ့တွေကနေ စတင်ခဲ့လေသည် ။

ညနေတိုင်း အအေးဆိုင်မှာ လာထိုင်တတ်တဲ့အပြင် မိသားစုနဲ့ ဂျီအပြင်ထွက်တိုင်းမှာလည်း ကိုကြီးကို ဟိုနားလှမ်းတွေ့ ဒီနားလှမ်းတွေ့ နဲ့ တွေ့လာရသည် ။ တစ်ခါတစ်ခါ လူကြီးတွေ စတိုးဆိုင်ထဲ မုန့်ဝင်ဝယ်နေတုန်း အပြင်မှာရပ်နေတဲ့ ဂျီ့အနားက ဖြတ်လျှောက်ရင်း စာသေသေချာချာကျက်ဦးနော် လို့ ခပ်တိုးတိုးပြောသွားတတ်သေးသည် ။

ဒီလိုနဲ့ပဲ ဂျီတို့စာမေးပွဲဖြေတဲ့ရက် ရောက်လာခဲ့သည် ။ ပထမဆုံးဖြေတဲ့ရက်မှာ ကျောင်းသို့အသွား လမ်းသွယ်တစ်ခုရဲ့ထိပ်တွင် ရပ်နေသည့်သူက ကားပေါ်မှ ဂျီ့ကို လှမ်းပြုံးပြလာသည် ။ တိုက်ဆိုင်မှုကြောင့်လို့ ထင်ခဲ့တဲ့အထင်က ကျောင်းအပြန်မှာလည်း ထိုလမ်းသွယ်ထိပ်မှာ ရပ်စောင့်နေပြန်သည့်သူကို ထပ်မံကာမြင်လိုက်တော့မှ တိုက်ဆိုင်မှုမဟုတ်မှန်း သေချာသွားရသည် ။

စာမေးပွဲကာလတစ်ခုလုံးဟာ ထိုကဲ့သို့သော အလားတူနေ့ရက်များချည်းသာ ။ စာမေးပွဲနောက်ဆုံးနေ့အပြန်မှာတော့ အပြန်အလှန်ပြုံးပြမှုတွေထဲ ဂျီ့အပြုံးတွေ ပိုပြီးလတ်ဆတ်နေသလို ကိုကြီးအပြုံးတွေဟာလည်း ပိုပြီးအသက်ဝင်နေခဲ့ပါလေသည် ။

စာမေးပွဲအလွန်ကာလတွေမှာတော့ စာဖတ်ဝါသနာပါတဲ့ ဂျီနဲ့ စာအုပ်တစ်အုပ်နှင့်အတူတူတွဲပြီး အမြဲတွေ့ရတတ်တဲ့ ကိုကြီးတို့.... ရပ်ကွက်ရဲ့စာကြည့်တိုက်လေးမှာ ထပ်မံဆုံတွေ့ဖြစ်ခဲ့ကြသည် ။ ဂျီဖတ်တဲ့စာအုပ်တွေအကြောင်းကို စိတ်ဝင်တစား နားထောင်ပေးတတ်တဲ့ ကိုကြီးဟာ သူဖတ်တဲ့စာအုပ်တွေအကြောင်းကိုလည်း စိတ်ရှည်လက်ရှည်ရှင်းပြတတ်ပါသေးသည် ။

ဆရာမဂျူးရဲ့ စာအုပ်တွေဖတ်ပြီး မငွေအိမ် တို့ တင်တင်ဇော် တို့အပေါ် အားမလိုအားမရဖြစ်ကာ ပူလောင်နေတဲ့ ဂျီ့ကို ကိုကြီးက ဆရာမင်းလူရဲ့ဇာတ်ကောင်တွေဖြစ်တဲ့ အောင်ဘာလေ နဲ့ စိန်ကြောင် တို့ရဲ့အကြောင်းတွေကို ဟာသနှောကာပြောပြရင်း စိတ်ပြေစေခဲ့သည် ။ ဒါ့အပြင် ဆရာမ ဂျူး နဲ့ ဆရာမကြီး မစန္ဒာရဲ့စာအုပ်တွေလောက်သာ စွဲစွဲမြဲမြဲဖတ်တတ်တဲ့ ဂျီ့ကို ဆရာမင်းလူရဲ့ပရိတ်သတ်ဖြစ်အောင် ကံ့ကော်နီစာအုပ်လေး ပေးဖတ်ပြီး ကိုကြီးက ဆွဲဆောင်ခဲ့ပါသေးသည် ။ ကိုကြီးရဲ့ ဆွဲဆောင်မှုဟာ အောင်မြင်ခဲ့ပါ၏ ။ ထိုကံ့ကော်နီနှင့် အစပြု၍ ဂျီက ဆရာမင်းလူရဲ့အမာခံပရိတ်သတ်စစ်စစ်ကြီး ဖြစ်သွားခဲ့ရသည်လေ ။

ကိုကြီးက ဂျီ့အား ကံ့ကော်နီနှင့် ဆရာမင်းလူပရိတ်သတ်ဖြစ်ဖို့ ဆွဲဆောင်နိုင်ခဲ့သလို ဂျီကလည်း ကြယ်စင်တံတား ကမ်းပါးနှင်းဖြူနှင့် ကိုကြီးအား ဆရာမ ဂျူးရဲ့ ပရိတ်သတ်ဖြစ်ဖို့ ဆွဲဆောင်နိုင်ခဲ့လေသည် ။

အပြန်အလှန် ခံစားချက်ချင်းညီပြီး ရင်ဘတ်ချင်းနီးတယ်လို့ ခံစားခဲ့ရတဲ့အချိန်တွေပေါ့ ။

မရိုးမသားစကားမျိုး တစ်ခွန်းတလေသော်မျှ ပြောမလာတဲ့ကိုကြီးဟာ အကြည့်တွေကတစ်ဆင့်တော့ ဂျီ့ရင်ကို နွေးထွေးစေခဲ့ပါသည် ။ တစ်ရက်မှာတော့ မှတ်စုစာရွက်ပိုင်းလေးတစ်ခုကို ကမ်းပေးလာရင်း

" အကြောင်းရှိရင် ဒီဖုန်းနံပါတ်ကို ဆက်နော် ညီမလေး " တဲ့ ။ ဂျီ့ဖုန်းနံပါတ်ကိုတော့ ပြန်မတောင်းခဲ့ပါ ။ ထိုစဉ်က hand phone ဟုခေါ်သည့် လက်ကိုင်ဖုန်းတွေလည်း ခေတ်မစားသေးတာကြောင့် ဂျီတို့နှစ်ယောက်လုံးမှာ ကိုယ်ပိုင်ဖုန်းမရှိကြသေးသည်မို့ ကိုကြီးပေးတဲ့ ကြိုးဖုန်းနံပါတ်ပါသည့် မှတ်စုစာရွက်ပိုင်းလေးကိုပဲ တယုတယ သိမ်းဆည်းရသည် ။

ဖုန်းနံပါတ်လေးရပြီး တစ်လကျော်ကြာတဲ့အခါမှာတော့ ကိုကြီးထံ ဖုန်းဆက်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့သည် ။ ကိုကြီးက ဆုံနေကျစာကြည့်တိုက်လေးကို မလာတာ သုံးရက်တောင်ရှိပြီမို့ စိတ်ပူကာ ဂျီတစ်ယောက် အရဲစွန့်ပြီး ဖုန်းဆက်ဖို့ ကြိုးစားမိခြင်း ။

အိမ်ဖုန်းကနေ မဆက်ရဲတာကြောင့် လမ်းထိပ် ပီစီအို ဖုန်းဆိုင်လေးကပဲ မဝံ့မရဲ ခေါ်ကြည့်ရသည် ။ ဖုန်းခေါ်နေသံနှင့်အပြိုင် ဂျီ့ရင်ခုန်သံတို့ကလည်း တဒိတ်ဒိတ် ။ အမျိုးသမီးတစ်ယောက်ရဲ့ ဖုန်းပြန်ဖြေသံကြောင့် တုန်တုန်လှုပ်လှုပ်နဲ့ ကိုကြီးနာမည်ကို ထုတ်မေးရသည် ။ ခဏအကြာမှာ ဟဲလို ဟူသည့် ကိုကြီးရဲ့အသံကိုကြားလိုက်စဉ် လက်ဖျားခြေဖျားတွေအေးကာ နှုတ်က အသံပင်မထွက်နိုင်သလိုဖြစ်သွားရတဲ့အထိ စိုးထိတ်မှုတွေ များနေမိတဲ့ ဂျီ ပါ ။

" ဟဲလို ဘယ်သူပါလဲခင်ဗျာ "

ဒီတစ်ခွန်းမှာလည်း ဂျီဟာ ပြန်မဖြေနိုင်သေးပါ ။ ဂျီငြိမ်နေမိသလို ကိုကြီးသည်လည်း တခဏမျှငြိမ်သွားပြီးနောက်

" ညီမလေး လား "

ကိုကြီးရဲ့တိုးရှရှ ထိုအသံလေးကို ကြားမှ ဂျီ့မှာ ဟုတ်ကဲ့ ဟူ၍ အသံထွက်နိုင်တော့သည် ။ ကိုကြီးက နေမကောင်းလို့ စာကြည့်တိုက်ကို မလာနိုင်တာဖြစ်ကြောင်းပြောတော့ စိတ်ပူနေတာ ဟု ခပ်တိုးတိုးတုန့်ပြန်မိသည် ။ ကိုကြီးဟာ ခဏအသံတိတ်ငြိမ်သက်သွားပြီး ပျော်လိုက်တာ လို့ ပြန်ပြောလာတော့ ဂျီ့မှာ ရင်ထဲနွေးကာ ရှက်သလိုလိုနဲ့ ရင်ခုန်ရပြန်သည် ။

ဒီ့နောက်မှာတော့ ဂျီတို့နှစ်ယောက်ကြားက ရင်းနှီးမှုဟာ ပိုလို့နွေးထွေးလာရသလိုပါ ။

တစ်ရက်....ကောင်း ဂျီ့အိမ်ကို ရောက်ချလာသည့်တစ်ရက် ။ ပြောရရင်တော့ ဂျီ့ဘဝထဲ ကံဆိုးမှုတွေ စတင်ရောက်ရှိလာသည့်တစ်ရက်ပေါ့ ။

ကောင်း ဆိုတာက ဂျီနဲ့ မီးဝင်မီးထွက် မွေးဖွားခဲ့တဲ့ ဂျီ့ရဲ့ငယ်သူငယ်ချင်း ။ ငယ်ငယ်ကတည်းက တတွဲတွဲအတူတူကြီးပြင်းလာကြသည်မို့ သူငယ်ချင်းဆိုတာထက် မောင်နှမလိုဆက်ဆံရေးမျိုးရှိတဲ့သူ ။

ဂျီက ဒီရက်ထဲ ကိုကြီးကိုပဲ အာရုံရောက်နေတာကြောင့် ကောင်းအား ပြစ်ထားမိသလို ဖြစ်သွားခဲ့ရသည်ကိုတွေးမိတော့ စိတ်ထဲမကောင်းသလိုဖြစ်ရသည် ။

" ကောင်း နင်ဘာစားချင်လဲ ငါ မုန့်လိုက်ကျွေးမယ်လေ "

ကောင်းအား စားချင်တာဝယ်ကျွေးပြီး အပြန် စာကြည့်တိုက်ကိုဝင်ကာ စာအုပ်အပ်ရင်း ကိုကြီးရှိရာ လှမ်းကြည့်မိတော့ ဘေးမှာ ကောင်း ပါလာလို့ထင်သည် ။ ကိုကြီးက ထ,မလာဘဲ တစ်ချက်လေးသာ လှမ်းပြုံးပြသည် ။ ဂျီလည်း ဟန်မပျက်စာအုပ်ရွေးနေရင်း ကိုကြီးနဲ့ကောင်းကို မိတ်ဆက်ပေးရကောင်းနိုး စဉ်းစားနေမိသည် ။ မိတ်ဆက်ပေးဖို့ရာ ကိုကြီးက ခပ်အေးအေးသမားမို့ စိတ်ပူစရာမရှိပေမယ့် ကောင်းက ဂျစ်ကန်ကန်စရိုက်မို့ အဆင်မပြေမှာ စိုးရိမ်ပြီး စိတ်ထဲဒွိဟဖြစ်နေရ၏ ။

ဒါပေမယ့်လည်း ကောင်းက လျင်သည် ။

" ဟဲ့ မိဂျီ ဟိုထောင့်မှာထိုင်နေတဲ့သူက နင့်အသိလား "

ကောင်းရဲ့လေသံက ခပ်တောင့်တောင့်ဖြစ်နေတာမို့ မိတ်ဆက်ပေးဖို့စိတ်ကူးကိုလျှော့ကာ အပြန်လမ်းကျမှ ကိုကြီးနဲ့ဂျီ့အကြောင်းကို ဖွင့်ပြောပြမိသည် ။ ကောင်းဟာ ဂျီ့ရဲ့ အနီးကပ်ဆုံး အရင်းနှီးဆုံး သူငယ်ချင်းမောင်နှမလိုဖြစ်နေတာမို့ တိုင်ပင်သည့်အနေနဲ့ရော ရင်ဖွင့်သည့်သဘောနဲ့ပါ ပြောပြမိတဲ့အကြောင်းတွေကို ကောင်းက စိတ်ရှည်လက်ရှည်နဲ့ အစမှအဆုံး အကုန်နားထောင်ပေးခဲ့သည် ။ အဲ့ဒီအချိန်တုန်းက ကောင်းသည်ဆိုးသည် ဘာတစ်ခုမှမဝေဖန်ခဲ့တဲ့ ကောင်းဟာ ဒီအကြောင်းအရာတွေအကုန်လုံးကို ဂျီ့မေမေအား ပြောပြပစ်လိုက်လိမ့်မယ်လို့တော့ ဘယ်ထင်ခဲ့ပါ့မလဲ ။

မျှော်လင့်မထားမိတဲ့ပြဿနာဟာ ဂျီတို့မိသားစုအတွင်းမှာ ထင်ထားသည်ထက်ပိုကာ ကြီးထွားခဲ့လေသည် ။ မေမေ နဲ့ ကောင်းရဲ့ စွပ်စွဲမှုတွေက ကိုကြီးနဲ့ဂျီ့အပေါ်မှာ အတော်ကြီးပြင်းထန်ခဲ့၏ ။ ဂျီဟာ ဆယ်ကျော်သက်အရွယ်မို့ စိတ်ကစားတာဖြစ်ကြောင်း ၊ ကိုကြီးဟာလည်း ဆယ့်ခြောက်နှစ်သမီး မနူးမနပ်လေးကို ခပ်လွယ်လွယ် လာကစားတာဖြစ်နိုင်ကြောင်း စသဖြင့် စွဲချက်တင်ခဲ့ကြသည် ။

ဂျီ့ဘက်က ဂျီတို့နှစ်ယောက် ချစ်သူတွေမဟုတ်ကြောင်း ဘယ်လောက်ပဲပြောပြော မိသားစုက...အထူးသဖြင့် ဂျီ့မေမေက လက်မခံခဲ့ပါ ။ နောက်ဆုံးမှာ စာကြည့်တိုက်သွားခွင့်ပါပိတ်ပြီး အိမ်ထဲက အိမ်ပြင်မထွက်ရတော့ဘဲ ကောင်းနှင့်အတူမှသာ အပြင်ထွက်ခွင့်ရမည်ဖြစ်ကြောင်း အမိန့်ချခံရတော့သည် ။

စာကြည့်တိုက်မှာ ဂျီ့အလာကိုစောင့်နေမယ့် ကိုကြီးကိုတွေးမိတာကြောင့် နောက်ဆုံးအနေနဲ့ အကျိုးအကြောင်းလေး ရှင်းပြခွင့်ပေးဖို့ ကောင်းကို ငိုယိုပြီးတောင်းပန်သည့်တိုင် ကောင်းကတော့ ဂျီ့အသနားခံမှုအပေါ် အညှာအတာမရှိ ငြင်းဆန်ခဲ့ပါ၏ ။ ထို့နောက်မှာ ကိုကြီးနှင့်တစ်ရပ်ကွက်ထဲဖြစ်နေခြင်းအား စိတ်မချသည့်ခေါင်းစဉ်နှင့် မြို့ထဲက အဖိုးအဖွားအိမ်သို့ ဂျီ့ကိုပို့ကြပြန်သည် ။ ကောင်းကတော့ အပြစ်သားစောင့်သည့် ရဲလို ဂျီ့အနားမှာ မျက်ခြေမပြတ် ။

သင်္ကာမကင်းနဲ့ တစ်ချိန်လုံးစောင့်ကြည့်ခံနေရတဲ့ဘဝကို တဖြည်းဖြည်းနဲ့ စိတ်ကုန်လာမိသည် ။ ဂျီ့ရဲ့စိတ် ဂျီ့ရဲ့ပြောစကားတွေကို နားလည်မပေးတဲ့ ယုံကြည်မပေးတဲ့ မိသားစု နဲ့ သူငယ်ချင်းအားလည်း စိတ်နာရသည် ။ ထိုအချိန်တွေမှစ,လို့ ဂျီဟာ တစ်ယောက်တည်း ငြိမ်သက်စွာနေရခြင်းအပေါ်မှာ စတင်အသားကျလာခဲ့ပါသည် ။

နောက်တော့ အောင်စာရင်းတွေထွက်ပြီး တက္ကသိုလ်တက်ဖို့အချိန်ရောက်လာတော့ အပြစ်သားတစ်ယောက်အဖြစ် ဆက်ဆံခံနေရဆဲဂျီဟာ ကောင်း ရွေးချယ်တဲ့ကျောင်းမှာပဲ ကောင်းနဲ့အတူ လိုက်ပြီးတက်ရမည်ဖြစ်ကြောင်း အမိန့်ချခံရပြန်သည် ။

တစ်ချိန်လုံးလိုလို အားလုံးရဲ့သဘောရှိနေပေးခဲ့တဲ့ ဂျီ့ရဲ့သွေးအေးတိုက်ပွဲက ထိုအချိန်မှာ စတင်ခဲ့ပါသည် ။ ကိုကြီးနဲ့ဝေးစေခြင်းရဲ့ အဓိက တရားခံလိုဖြစ်နေတဲ့ ကောင်းရဲ့အနားမှာလည်း အတူတူဆက်မနေချင်တော့ပါ ။ ကောင်းနဲ့မှ မဟုတ် ။ ဘယ်သူနဲ့မှ နီးနီးကပ်ကပ်ဆက်ဆံရေးမျိုးကို မလိုလားတော့ဘဲ သီးခြားဖြစ်တည်ချင်စိတ်တွေပဲ ဖြစ်ပေါ်လာနေသည် ။

ခက်ခက်ခဲခဲတိုက်ယူခဲ့ရတဲ့ တိုက်ပွဲဟာ နောက်ဆုံးမှာတော့ အောင်မြင်သွားခဲ့ပါ၏ ။ အန်တီလေးရှိတဲ့ Singapore မှာ ကျောင်းသွားတက်ခွင့်ရခဲ့သည် ။ Singapore ရောက်တော့ နားလည်မှုရှိတဲ့ အန်တီလေးကြောင့် ဂျီ့ရဲ့စိတ်တို့က အတော်လေးတော့ သက်သာရာရခဲ့ပါသည် ။

ဒါပေမယ့်လည်း အများနဲ့...ပတ်ဝန်းကျင်နဲ့ ဝိုင်းဖွဲ့ပြီးမနေတတ်တော့တဲ့စိတ်က ရန်ကုန်ကရရှိလာတဲ့ ဒဏ်ရာရဲ့အမာရွတ်တွေအဖြစ် ဆက်လက်ကျန်ရှိသည် ။ နိုင်ငံတကာက လူငယ်တွေလာတက်ကြတဲ့ နာမည်ရကျောင်းတစ်ခုရဲ့ ကျောင်းသားကျောင်းသူတွေကြားမှာ ဂျီ့ရဲ့အေးစက်စက်ပေါင်းသင်းဆက်ဆံရေးက လူရာမဝင်ခဲ့ပါ ။ သို့သော်ငြား မှန်တန်းဆက်ဆံရေးတွေကြားကနေပဲ ဂျီ စာကြိုးစားခဲ့ပါသည် ။

ဂျီ့ရည်ရွယ်ချက်က တစ်ခုထဲ ။ ဂျီ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်သည် ။ ဘယ်သူ့ရဲ့လွှမ်းမိုးချုပ်ကိုင်မှုကိုမှမခံဘဲ ကိုယ်တိုင်ဆုံးဖြတ်ချက်ချလို့ရတဲ့ဘဝကို လိုချင်သည် ။ ဒီအတွက်ကြိုးစားသည် ။ ဒီလိုကြိုးစားဆဲကာလတွေမှာ အထီးကျန်သလိုဖြစ်ရတဲ့ခံစားမှုကို ဂစ်တာ နဲ့ စီးကရက်ကို အဖော်ပြုရင်းဖြတ်သန်းသည် ။

ဂျီအောင်မြင်တဲ့တစ်နေ့ ဘယ်သူမှ ဂျီ့ဆုံးဖြတ်ချက်ကို မတားနိုင်တဲ့တစ်နေ့ကျရင် ဂျီ လိုအပ်တဲ့တစ်စုံတစ်ယောက်ဆီကို သွားပါမည် ။ ထိုအချိန်ကျရင် ထိုသူဟာ ဂျီ့ကို လိုအပ်ချင်မှ လိုအပ်တော့မှာဖြစ်ပေမယ့်လည်း ဂျီကတော့ ထိုတွေ့ဆုံနိုင်မှုကိုပဲ ပန်းတိုင်အဖြစ်သတ်မှတ်ကာ အထီးကျန်မှုတွေကို အံတုရင်း ကြိုးစားလျှောက်လှမ်းနေမိသည် ။

ကိုကြီးရော ဒီအချိန် ဘာတွေလုပ်နေမလဲ ။ အဖြေမရမှန်းသိသိနဲ့လည်း ကိုကြီးအကြောင်းတွေကို အမြဲမှန်းဆကာ တွေးမိနေတာက ဂျီ့ရဲ့တစ်ခုတည်းသော စိတ်ဖြေရာပါ ။ နှုတ်ဆက်စကားမဆိုဘဲ ပျောက်သွားခဲ့တဲ့ ဒီကောင်မလေးကို ကိုကြီးဟာ ဘယ်လိုတွေများ တွေးနေခဲ့မလဲ ။

ဂျီကတော့ ကိုကြီးအကြောင်းကို အမြဲတမ်းမတွေးမိစေဖို့ စီးကရက်ရဲ့အကူအညီကို ယူခဲ့ရသည် ။ စွဲလန်းမှုတစ်ခုကို တခြားသော စွဲလန်းမှုတစ်ခုနဲ့ အစားထိုးယူတာမျိုးပေါ့ ။ ဒါပေမယ့် ကိုကြီးအကြောင်းတွေးနေရင်တော့ စီးကရက်ကို မေ့နေတတ်သည် ။

သတိရတယ် ကိုကြီးရေ....။

တစ်ချိန်တော့ ဂျီ့ကိုစွပ်စွဲခဲ့ကြဖူးတဲ့ "ဆယ့်ခြောက်နှစ်သမီး...ဆယ်ကျော်သက်မို့ စိတ်ကစားတာပါ" ဆိုတဲ့စကားဟာ မှားယွင်းကြောင်း စွပ်စွဲခဲ့ဖူးသူတွေကို သက်သေပြရဦးမည် ။

**********

ယနေ့က ကောင်း လိုက်လာပြီးတောင်းပန်တဲ့အချိန်ကနေ နောက်ထပ် တစ်နှစ်ကျော်ကြာတဲ့ အချိန်.... ။ တစ်နည်းအားဖြင့် ဂျီ ရန်ကုန်ကနေ ထွက်လာခဲ့တာ ခြောက်နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်တဲ့ အချိန်... ။ ဒီနေ့ ဒီအချိန်မှာတော့ ဂျီဟာ ဘယ်သူ့လောင်းရိပ်အောက်မှာမှ ရှိမနေဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ခဲ့ပါပြီ ။ မိသားစုက ပေးအပ်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွေနဲ့ မိန်းမငယ်လေးပေါ့ ။

ဒီလို အနေအထား ၊ ဒီလို အခြေအနေတွေဖြစ်လာဖို့ ဂျီ ကြိုးစားခဲ့သမျှ ရုန်းကန်ခဲ့သမျှတွေရဲ့ ဦးတည်ရာသည် ကိုကြီးဆိုသည့် ပန်းတိုင်တစ်ခုတည်းအတွက်သာပါ ။ သို့ပေသော်ငြား အကြောင်းမကြားဘဲ စုပ်စမြုပ်စ ပျောက်သွားခဲ့တဲ့ ဒီကောင်မလေးအတွက် အဲ့ဒီပန်းတိုင်က မပြောင်းမလဲ စောင့်ကြိုနေမှာတဲ့လား ။

အချိန်တွေဟာ လူတစ်ယောက်အနေနဲ့ ဘဝသစ်တစ်ခု ထူထောင်မယ်ဆိုရင် ထူထောင်နိုင်လောက်အောင် ကြာသွားခဲ့ပါပြီ ။ ဂျီ့ရဲ့ ကိုကြီးသည်လည်း မိသားစုတစ်ခု ထူထောင်ပြီးနှင့်နေတာမျိုးဖြစ်နိုင်ပါသည် ။ ခြောက်နှစ်ကျော်ဆိုတဲ့ အတိုင်းအတာမှာ ဂျီက စွဲလန်းမှုတစ်ခုကို မလွှတ်တမ်းဖမ်းဆုပ်ထားခဲ့ပေမယ့် လွှတ်ချချင်သူအဖို့ဆိုရင်လည်း လုံလောက်တဲ့ အချိန်ပမာဏမဟုတ်လား ။ ပြီးတော့ ဂျီတို့က အပြန်အလှန် ချည်နှောင်စကား မဆိုဖြစ်ခဲ့ကြရတဲ့သူတွေလေ ။

သို့သော်ငြား.....

စွန့်စားရာကျပေမယ့်လည်း ဂျီ မျှော်လင့်ချင်ပါသည် ။ အနည်းဆုံးတော့ ပြီးတဲ့အတိတ်က ဖြစ်ရပ်မှာ ဂျီ့ဆန္ဒတွေမပါခဲ့ကြောင်း ကိုယ်တိုင်ကိုယ်ကျ ရှင်းပြချင်ပါသေးသည် ။ ဆုံနိုင်ခွင့်မရှိတော့ရင်တောင် ဒီလိုလုပ်မှ ဂျီ့အတွက် ဖြေသာနိုင်မှာမို့...။

စိတ်လှုပ်ရှားစွာဖြင့် လက်ထဲက အရာလေးကို ငုံ့ကြည့်မိသည် ။ ဂျီ့လက်ထဲမှာ ဆုပ်ကိုင်ထားမိသည်က မင်အရောင်ဖျော့တော့နေပြီဖြစ်သော ဖုန်းနံပါတ်နဲ့ စာရွက်ပိုင်းလေးတစ်ခု ။

ရေရာတဲ့အခြေအနေတစ်ခုကို မရောက်မချင်း မဆက်သွယ်ဘဲနေခဲ့မိတာ ခွင့်လွှတ်ပါ ။ မသေချာမှုတွေကြားမှာ စောင့်ပါဆိုတဲ့စကားနဲ့ တုန့်ဆွဲမထားချင်လို့ပါ ။

မကြာခင်အချိန်အတွင်းမှာ ဘဝရဲ့အဆုံးအဖြတ်တစ်ခုကို ကြားနာရတော့မည် ။

ဂဏန်း ၈ လုံးကို အသက်မရှူဘဲ နှိပ်မိတော့

တူ....တူ....တူ....တူ....

" ဟဲလို "

တိုးရှရှနဲ့ ဖုန်းဖြေဆိုလာသူဟာ ဂျီ မျှော်လင့်နေမိတဲ့ အသံပိုင်ရှင်ပါ ။

ဂျီ့မျက်လုံးမှ မျက်ရည်စတို့က ပေါက်ခနဲ ။

ပထမဆုံးအကြိမ်တုန်းကလိုပဲ ဂျီ့မှာ အသံထွက်မလာနိုင်ခဲ့ပါ ။ ပထမအကြိမ်တုန်းက ရင်တုန်နေရလို့ ၊ အခုကတော့ ဆို့နင့်နေရလို့....။

" ဟဲလို ဘယ်သူပါလဲခင်ဗျာ "

ကိုကြီး....
စိတ်ထဲမှ ခေါ်နေပေမယ့် လက်တွေ့မှာ အသံက ထွက်မလာ ။

တစ်ဖက်မှ အသံတိတ်သွားပြီး ခဏကြာတဲ့အခါမှ

" ညီမလေး လား..... "

#Phyu_Layy ❤️🙆🏻‍♀️💚
2.10.2020

______________________________

© Phyu Layy,
книга «ကိုႀကီး (ကိုကြီး)».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
Aye su
ကိုကြီး (Unicode)
နောက်တစ်ပိုင်းလောက်ရေးပေးချင်ဘူးလား
Відповісти
2020-10-30 13:02:10
Подобається