" Intro ''
" Part - 1 ( Unicode ) ''
" Part - 1 ( Zawgyi ) ''
" Part - 1 ( Unicode ) ''
အချစ်ကို ဘယ်လိုပုံစံနဲ့ ဆုံစည်းရမှာလဲ
ကြိုတင် မမြင်နိုင်ကြပါဘူး ၊
ဒါပေမယ့်..
ကျွန်တော်ကတော့ မိုးတွေရွာနေတဲ့
မေလရဲ့ မှိုင်းပျပျနေ့လေး တစ်နေ့မှာ
အချစ်ကို စတွေ့ခဲ့တာ.... ။

--------------------------------------------------------

မေလ ၂၅ ရက် ၊ ၂၀၁၉ ။

ရန်ကုန်မြို့၏ ကောင်းကင်ယံ ထက်ဝယ် ညို့ဝေ မှုန်မှိုင်းကာ ၊
မိုးက သည်းထန်စွာ ရွာသွန်းနေ၏ ။

" ကဲ.. ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ ၊ ပေးလိုက်တဲ့ ခေါင်းစဥ် အတိုင်း Assignment သေချာလုပ်ခဲ့ပြီး မနက်ဖြန် အတန်းချိန် မှာ ပြန်ထပ်ကြပါ ၊ ဒါဆို Good Bye.. ''

" Good Bye , Sir ''

သင်တန်းချိန် ပြီးသွားပြီ ဖြစ်သဖြင့် သင်တန်းသူ သင်တန်းသားများက အခန်းထဲမှ ပျားပန်းခပ်ပမာ တဖွဲဖွဲ ထွက်လာကြကုန်၏ ။

စိုင်းနန္ဒလည်း ကျောပိုးအိတ် ထဲသို့ စာအုပ်များ ထည့်သိမ်း၍ ဇစ်ဆွဲပိတ်ပြီး ၊ ပုခုံးတစ်ဖက်တွင် လွယ်ကာ စာသင်ခန်း တံခါးကို ဖွင့်၍ အခန်းအပြင်သို့ ထွက်လာလိုက်၏ ။

လက်တစ်ဖက်က ဖုန်းကို ကိုင်ကာ ကော်ရစ်ဒါ အတိုင်း လျှောက် လာရင်း ၊ ကွေ့နား အရောက် အပြင်သို့ ကြည့်မိသွားသည် ။

" ကျစ်.. ဒီမိုးကလည်း အချိန်ကိုက်ကို ရွာနေတော့တာပဲ ''

စိုင်းနန္ဒ က မြေနီကုန်း ပန်းခြံတာဝါရှိ သင်တန်းကျောင်း တစ်ခုတွင် စီးပွားစီမံခန့်ခွဲ ဘာသာရပ် ဒီပလိုမာ အတန်းကို တက်နေသူ ဖြစ်၏ ။ ဒီအတန်းက တစ်ပတ်ကို စနေ တနင်္ဂနွေ နှစ်ရက်ပဲ တက်ရ တာ ဖြစ်ပြီး ၊ ညနေပိုင်း အချိန် သင်တန်းလည်း ဖြစ်လေသည် ။

သင်တန်းတက်သည့် ကာလမှာ တစ်လတောင် မပြည့်သေး သလို ၊ စိုင်းနန္ဒ ကိုယ်တိုင်ကလည်း အေးအေးဆေးဆေး နေတတ်သော ကြောင့် လူတွေနဲ့လည်း ရောရောနှောနှော မနေတတ်ရာ သင်တန်းတူ သူငယ်ချင်း ဟူ၍ မရှိသေးပေ ။

ငယ်ပေါင်းကြီးဖော် ရင်းနှီးသည့် သူငယ်ချင်းများ ရှိသော် လည်း သင်တန်းက မတူသဖြင့် တစ်ကိုယ်တည်း တစ်ယောက် တည်းပင် ။

သင်တန်းသို့ စောရောက်လျှင် ကန်တင်းတွင် ကော်ဖီတစ်ခွက် ဖြင့် ဖုန်းသုံးရင်သုံး ၊ မဟုတ်လျှင်လည်း ဧည့်ခန်း၏ ထိုင်ခုံ များတွင် ထိုင်၍ စာအုပ်တစ်အုပ်ဖတ်နေတတ်သည့် အကျင့် ရှိသည် ။

မြေနီကုန်းက လူစည်ကားပြီး ၊ ကားကျပ်သည့် နေရာမျိုး လည်း ဖြစ်၍ ကားရပ်နားရန် အခက်အခဲ ရှိသောကြောင့် စိုင်းနန္ဒ ၏ ကားကို Dagon Center တွင် ရပ်ထားခဲ့ ရပြီး ၊ ပန်းခြံတာဝါသို့ လမ်းပြန်လျှောက်ရသည် ။

ယခုတော့ မိုးကလည်း သည်းသည်းမဲမဲ ရွာနေသလို ထီးလည်း မပါလာသောကြောင့် လမ်းလျှောက်သွားဖို့က အဆင်မပြေ ။ သင်တန်း အကူးအပြောင်း အချိန်လည်း ဖြစ်၍ ကန်တင်းရော ၊ ဧည့်ခန်းပါ လူများနေလောက်မည် ။

အပြင်တွင် မိုးရွာနေသောကြောင့် ထိုနေရာများတွင် စုနေကြ သူ များနိုင်သည်ဟု တွေးမိကာ ခြေဦးပြန်မလှည့်တော့ ။

ထို့ကြောင့် ကော်ရစ်ဒါ အဝင်အထွက်ရှိ ထိုင်ခုံလေးတွင် သာ ထိုင်ရင်း ဖုန်းသုံးလျက် မိုးစဲသည်ကို စောင့်နေလိုက်တော့ သည် ။

စိတ်အာရုံက ဖုန်းထဲတွင်သာ စျာန်ဝင်စားနေသည်ထင် ၊ စီးထားသည့် ဖိနပ်နားသို့ ပစ္စည်းလေး တစ်ခု လာရောက် ထိခတ်သွားသည် မှသာ လက်ရှိအချိန်သို့ စိတ်က ပြန်လည် လာတော့လေ၏ ။

ခြေထောက်နားသို့ ငုံ့ကြည့်လိုက်တော့ အဖြူရောင် ဘူးလေး တစ်ဘူး လဲနေသည်ကို တွေ့လိုက်ရသည် ။ စိုင်းနန္ဒ လည်း ကောက်ယူ လိုက် ပြီး ထိုဘူး၏ လားရာကို သိချင်၍ ရှာကြည့်မည် အပြု...

အနက်ရောင် ကတ္ထီပါခြေညှပ် ဖိနပ်လေးကို စီးထားသည့် ခြေဖမိုး ဖြူဖြူလေးတစ်စုံက စိုင်းနန္ဒ၏ အနားသို့ ရောက်လာပြီး ရပ်တန့် သွားသည် ။

ဘူးလေးကို ကိုင်လျက်သားပင် မော့ကြည့်လိုက်တော့.. Hoodie အစိမ်းနုရောင်လေး နှင့် နက်ပြာရောင် ဘောင်းဘီရှည် ဝတ်ထားပြီး ၊ အနီရောင် ကျောပိုးအိတ်လေး အား လက်တစ်ဖက်က ကိုင်ထား သည့် ကောင်လေး တစ်ယောက်ကို တွေ့လိုက် ရ၏ ။

စိုင်းနန္ဒ ထက်တော့ ငယ်မည့် ပုံပင် ။ ထိုကောင်လေးက စိုင်းနန္ဒ ၏ လက်ထဲက ဘူးလေးကို ကြည့်လာပြီး...

" ဟို.. အဲ့..အဲ့ဒါ.. ကျွန်တော့်ဟာပါ..အိတ်ထဲကနေ ထွက်ကျသွား လို့... ''

ဟု ပြောလာသဖြင့် ထိုကောင်လေးအား ပြန်ပေးလိုက်တော့ လက်လေး နှစ်ဖက်နှင့် လှမ်းယူလာပြီး လေသံ ခပ်တိုးတိုး ဖြင့်...

" ကျေးဇူးပါ အစ်ကို... '' ဟု ပြောလေသည် ။

စိုင်းနန္ဒလည်း ခေါင်းတစ်ချက် ညိတ်ကာ အသိအမှတ် ပြုလိုက်ပြီး.. ကိုယ်ကိုလှည့်ကာ အပြင်ဘက်သို့ ပြန်ငေးနေ လိုက်၏ ။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

ရွာနေသည့် မိုးအား ကြည့်ငေးနေရင်းမှ စိုင်းနန္ဒ ၏ မြင်ကွင်း ထဲသို့ လက်သွယ်သွယ် ဖြူဖြူလေး တစ်ဖက် ဝင်ရောက်လာ လေသည် ။ ညာဘက် လက်ဖမိုးပေါ်မှ မှဲ့နက်လေးမှာ ထင်းလို့ ။

ထိုသွယ်လျသော လက်လေးက မိုးရေများကို အသာခံယူပြီး ဆော့ကစားနေသည် ။ စိုင်းနန္ဒ ကြည့်လိုက်တော့ ထို လက် သွယ်သွယ်လေး၏ ပိုင်ရှင်က ခုနက ကောင်လေးပင် ဖြစ်၏ ။ သူလည်း မိုးစဲတာကို စောင့်နေလေသလား ။

လက်နှင့် မိုးရေကို ခံဆော့နေခြင်းကို သဘောကျနေဟန် ။ မိုးရေစက် အချို့က သူ့မျက်နှာကို ပက်စင်နေသည်ကိုတောင် သတိ မထားနိုင်လောက်အောင်ပင် ။ သွားလေးပေါ်ကာ ပြုံးနေတော့သည် ။

စိုင်းနန္ဒလည်း ဘာရယ်မဟုတ် ၊ သည်အတိုင်း ငေးကြည့်နေ မိ၏ ။ ကြည့်နေရင်းပင် ထိုကောင်လေးက ရှေ့ကို တစ်လှမ်း တိုးသွားကာလဲကျတော့မလို ယိုင်သွားသဖြင့် လှမ်းဆွဲလိုက် မိသည် ။

" ဟေ့..ဟေ့.. သတိထား ''

တော်သေးသည် ။ အချိန်မီ လှမ်းဆွဲလိုက်လို့ မဟုတ်လျှင် ချော်ကျသွားမည်မှာ မလွဲ ။ ခပ်မြန်မြန် ဆွဲလိုက်သည့် အရှိန်ကြောင့် သူ့ခန္ဓာကိုယ် က စိုင်းနန္ဒ ကို မှီကျလာပြီး ၊ စိုင်းနန္ဒ ပါ နောက်သို့ ခြေလှမ်း အနည်းငယ်ခန့် ယိုင်သွား သည် ။

ထိုကောင်လေးလည်း ရုတ်တရက် မို့ လန့်သွားပုံ ရ၏ ။ မှီတွယ်ထား ရာမှ ဖယ်ခွာလိုက်ကာ သူ့ရင်ဘတ်ကို သူဖိပြီး ၊ ငုတ်တုတ်ထိုင်ချ လိုက်လေသည် ။ သူ့ကို ကြည့်ရသည်မှာ မောဟိုက်နေပြီး ၊ မျက်နှာမှာလည်း ချွေးစီးများ ကျလာသည် ကို တွေ့လိုက်ရ၍...

" ဟေ့ကောင်လေး..မင်း အဆင်ပြေရဲ့လား..''

စိုင်းနန္ဒ မေးသည်ကို မဖြေဘဲ ၊ သူ့လွယ်အိတ်ထဲမှ ရေဘူးကို ယူကာ တဂွပ်ဂွပ်နှင့် မော့သောက်ချလိုက်၏ ။ ပြီးနောက် ခပ်ပြင်းပြင်း အသက်ရှူလိုက်ပြီး....

" အ..အဆင်ပြေပါတယ်.. ကျေးဇူးပါ..မဟုတ်ရင် ကျွန်တော် တကယ် ပြုတ်ကျသွားတော့မှာ..''

" အေး..အန္တရာယ် ဖြစ်တတ်မှန်း သိရင်လည်း သတိထားပေါ့ ကွ ၊ မင်းစီးထားတာက ကတ္ထီပါ ဖိနပ် ရပ်နေတာက လှေကား အစပ် ဒီလောက် မိုးရေတွေ စိုရွဲနေတာ ပြုတ်ကျလို့ကတော့ အနည်းဆုံး ခေါင်းကွဲမှာပဲ.. ''

" ဟုတ်ကဲ့..အစ်ကို နောက်ဆို သတိထားပါမယ် ၊ ကျွန်တော် က မိုးရွာတာကို သဘောကျလို့ဗျ ၊ မိုးရေတွေကို လက်နဲ့ခံပြီး အေးမြတဲ့ အထိအတွေ့ ခံစားရတာကို တကယ် နှစ်သက် တယ် ''

ညှင်သာစွာ ပြုံးရင်း ဆိုလာသည် ။ ကျောပိုးအိတ် အနီလေး ကို ရင်ခွင်မှာ ပိုက်ထားလျက်ပင် ။

" မင်းလည်း..မိုးစဲမှာကို စောင့်နေတာမလား ၊ အဲ့ဒါဆို ထိုင်လေ ''

စိုင်းနန္ဒ လည်း ထိုင်နေရင်းမှ ဘေးသို့ အသာရွေ့ပေးလိုက် တော့ ထိုကောင်လေး က စိုင်းနန္ဒ ဘေးတွင် မဝံ့မရဲ ဝင်ထိုင် လာ၏ ။

ပတ်ဝန်းကျင် တစ်ခုလုံး မိုးသံများသာ ကြီးစိုးနေ၏ ။ ထိုဆူညံနေသည့် မိုးသံများကြား ချိုသာသည့် အသံလေးက ခပ်ညှင်းညှင်း ထိုးဖောက် ဝင်ရောက်လာသည် ။

" ဟို..အစ်ကိုကရော.. မိုးစဲတာ စောင့်နေတာလား.. ''

" အင်း.. ''

" ဟုတ်ကဲ့ ... ''

ရွာနေသည့် မိုးကို ငေးကြည့်ရင်း ထိုကောင်လေးက ဆိုလာ
ခဲ့၏ ။ ထို့နောက် တိတ်ဆိတ်သွားကြပြန်သည် ။ သည်တစ်ခါ စကားစသူ ကတော့ စိုင်းနန္ဒ ပင် ။

" မင်းကရော ဒီမှာပဲ သင်တန်းတက်တာလား ''

" ဟုတ်ကဲ့..အစ်ကို.. ကျွန်တော် က English Pre- Intermediate အတန်းကပါ.. ''

" အင်း..အစ်ကိုက Business Management က ''

" ဟုတ်ကဲ့..အစ်ကို..''

" မင်းက တစ်ယောက်တည်းလား..သူငယ်ချင်း မပါဘူးလား ''

" ဟုတ်ကဲ့.. ကျွန်တော့်သူငယ်ချင်းက ဒီတစ်ပတ် သင်တန်း မလာလို့ပါ ''

" ဪ.. ''

စိုင်းနန္ဒ အတွက် သူစိမ်းတစ်ယောက်ကို စကားအများကြီး ပြောဖြစ်တာ သည်တစ်ကြိမ်က ပထမဆုံး ပင် ။ စကားပြော နေရင်း သတိထားမိသွားသည်က ထိုကောင်လေး၏ ပါးပြင် ပေါ်မှ အချိုင့်လေးထက်ရှိ မှဲ့နက်လေးကို ဖြစ်သည် ။

တီးလုံးသံလေး ခပ်သဲ့သဲ့ ကြားလိုက်ရ၍ ထိုကောင်လေးဘက် လှည့်ကြည့်မိရာ ကျောပိုးအိတ် ထဲမှ ဖုန်းကို ထုတ်နေသည်ကို တွေ့ရ၏ ။ ထို့နောက် ဖုန်းမျက်နှာပြင်အား ကြည့်လိုက်ပြီး...

" အိမ်က ရောက်နေပြီမလို့..သွားလိုက်ပါဦးမယ် အစ်ကို.. ''

ဟု ပြောကာ နှုတ်ဆက်ပြီး ၊ ကော်ရစ်ဒါ အတွင်းဘက်သို့ ခပ်သွက် သွက် ပြန်ဝင်သွားလေသည် ။ သူ့အိမ်က တခြား တစ်ဖက် က စောင့်နေ၍ ဖြစ်ပေမည် ။

တဖြည်းဖြည်း မိုးစဲလာသောကြောင့် စိုင်းနန္ဒ လည်း ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်တွင် လွယ်၍ Dagon Center ဘက်သို့ လျှောက်လာလိုက်တော့သည် ။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

ကားလေးတစ်စီး ခြံအတွင်းသို့ ဝင်လာပြီး ၊ ဆင်ဝင်အောက်
ရောက်သည်နှင့် လှပစွာ ဝတ်ဆင်ထားသည့် အမျိုးသမီး
တစ်ယောက်က အိမ်ထဲမှ ထွက်လာလေ၏ ။

ကားစက်သတ်လိုက်ပြီး နောက်ခန်းဆီမှ Hoodie အစိမ်းနုရောင် ဝတ်ထားသည့် ကောင်လေးတစ်ယောက် ထွက်လာကာ ထိုအမျိုး သမီးအား ပြုံးပြလိုက်၏ ။

" မေမေ.. ဘာလို့ ထွက်စောင့်နေတာလဲ ၊ မိုးအေးက အေးနဲ့ ''

ထိုအမျိုးသမီးကလည်း ထိုကောင်လေး၏ လက်အား ဆွဲပြီး
အိမ်ထဲသို့ ခေါ်သွားကာ...

" ထွက်စောင့်ရတာပေါ့..သားရယ် ၊ မေမေက ဘယ်လောက် စိတ်ပူနေရတယ် ထင်လဲ ၊ မိုးကလည်း သည်းတော့..သား
ပြန်မရောက်မချင်း ရင်တမမနဲ့ ၊ မေမေ့မှာ ဒီသားလေးပဲ ရှိတာလေကွယ် ''

" မေမေကလည်း...''

ကောင်လေးက အမျိုးသမီး၏ ရင်ခွင်ထဲသို့ ခေါင်းလေးမှီ လိုက်တော့ ၊ ကောင်လေး၏ ခေါင်းကို ဖွဖွ ပွတ်သပ်ပေး ပြီး...

" သားလေး.. ဒီနေ့ အဆင်ပြေရဲ့လား နေရထိုင်ရတာရော ကောင်းရဲ့လား ''

" ဟုတ်..မေမေ..''

" ဒါဆို .. ရေနွေးလေးနဲ့ စပ်ချိုး အဝတ်အစားနွေးနွေး ဝတ်ပြီး ပြန်ဆင်းလာခဲ့ ၊ ခဏနေ..သားဖေဖေ ပြန်ရောက်လာ ရင် ညစာ အတူစားကြရအောင်..''

မေမေ ပြောသည့်အတိုင်း ရေမိုးချိုး အဝတ်အစားလဲပြီး အောက်ထပ်သို့ရောက်တော့ ဖေဖေလည်း ပြန်ရောက်နေပြီ ဖြစ်၍ တစ်ခါတည်း ညစာ လက်ဆုံစားလိုက်ကြသည် ။

ညစာစားပြီး အခန်းထဲသို့ ပြန်ဝင်လာကာ ညနေက သင်ခဲ့သည့် သင်ခန်းစာများကို ပြန်ဖတ်နေလိုက်သည် ။ နှစ်နာရီခန့် စာကြည့်ပြီးနောက် အံဆွဲထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်၏ ။

အနက်ရောင် Leather ဖြင့် ဖုံးထားသည့် ခပ်ထူထူ စာအုပ်လေး တစ်အုပ်ပင် ဖြစ်သည် ။ ဖဲကြိုးအနီလေး ကြားညှပ်ထားသည့် နေရာအား လှန်လိုက်ပြီး ဘောပင်ကို ပါ ယူ၍ နေ့စွဲ တပ်လိုက်သည် ။

- 25th May , 2019 -

စာအုပ်၏ ညာဘက်အပေါ်ထောင့်ဆီမှ မိုးစက်များ ကျနေ သည့် ပုံလေးအား ဘောပင်ဖြင့် ခပ်ဖွဖွ ခြစ်လိုက်၏ ။ သည်နေ့က မိုးရွာခဲ့သည်မို့ ။ တစ်ဆက်တည်း နေ့ရက်ပြ ဇယားမှ Sat ဆိုသည့် စာလုံးလေးကိုပါ ဝိုင်းလိုက်၏ ။

ထို့နောက် တစ်နေ့တာ ကြုံခဲ့ရသည့် အဖြစ်အပျက်များအား ချရေးနေမိ၏ ။ ဒိုင်ယာရီ ရေးခြင်းက နေ့စဥ် မပျက်မကွက် လုပ်ရသည့် ဝတ္တရား တစ်ခုပေ ။

ရေးနေရင်းမှ သင်တန်းအပြန် ဆုံတွေ့ခဲ့သည့် သူကိုပါ အမှတ်ရသွား၏ ။ ဒိုင်ယာရီထဲတွင် လူစိမ်းတစ်ယောက် အကြောင်း မပါဖြစ်ခဲ့ သည်မှာ နာရီတွေ မရေတွက်နိုင် လောက်အောင် ကြာရှိခဲ့သည် မဟုတ်လား ။

နောက်ဆုံး အိမ်ပြန်ရောက်သည်အထိ အကြောင်းကို ရေးပြီး နောက် အစအဆုံးတစ်ခေါက် ပြန်ဖတ်ကာ စာအုပ်လေးကို အံဆွဲထဲသို့ ပြန်ထည့်လိုက်သည် ။

... ဒေါက်..ဒေါက်...

" သားရေ.. မေမေ ဝင်လာခဲ့မယ်နော် ''

ပြောသံအဆုံး တံခါးပွင့်လာ၍ ဗန်းလေး တစ်ချပ်ကိုင်ကာ မေမေ ဝင်လာခဲ့သည် ။

" စာကြည့်ပြီးပြီပေါ့..သားလေး..''

" ဟုတ်..မေမေ.. ''

" ဟုတ်ပြီ..ငါ့သားလေးက တော်လိုက်တာ.. လာ ဆေး နဲ့ လက်ဖက် စိမ်း လက်ဖက်ရည် လေး သောက်လိုက်ပါဦး ''

" ဟုတ်ကဲ့...''

ဗန်းထဲမှ ဆေးများကို ယူ၍ သောက်လိုက်ပြီး ၊ လက်ဖက်ရည် ကိုပါ တစ်ခါတည်း မော့ချလိုက်တော့သည် ။

" လိမ္မာတယ်..ဒါဆို..အိပ်တော့နော် သားလေး ၊ ဖုန်းမသုံးနဲ့တော့ Good Night ''

" ဟုတ် မေမေ..Good Night ''

မေမေ ထွက်သွားပြီးနောက် အခန်းမီးကို ပိတ်ကာ စားပွဲတင်မီးလေး သာ ထွန်းပြီး ၊ ကုတင်ပေါ် သို့ လှဲ၍ မျက်လုံးများ မှိတ်ကာ အိပ်ရာ ဝင်လိုက်တော့သည် ။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

မေလ ၂၆ ရက် ၊ ၂၀၁၉ ။

ယမန်နေ့ညက မိုးအေးအေး နှင့် အိပ်ကောင်းကောင်း အိပ်လိုက်ရာ တော်တော်နှင့် နိုးမလာ ။ နှိုးမည့် သူလည်းမရှိ ။

စိုင်းနန္ဒ ၏ မိခင်က နောက်အိမ်ထောင်နှင့် ဖြစ်၍ သက်သက် အိမ်ခွဲနေကြသည် ။ တစ်လတစ်ခါတော့ အသုံးစရိတ် ပုံမှန် ပို့ပေးသည် ။

အဖေရင်းက ဆုံးသွားခဲ့သည်မှာ ၅ နှစ်ခန့်ပင် ရှိတော့ မည် ။
ပထွေးဖြစ်သူက သဘောကောင်းသော်လည်း အတူ မနေချင် ။

ဗိုက်က ဆာသည်ဟု အချက်ပြမှသာ ဟာတာတာနှင့် နိုးလာ ခဲ့ခြင်း ပေ ။ နှိုးစက် ပေးထားပေမည့် မကြားခဲ့လိုက် ။ နာရီကို ကြည့်လိုက် တော့ နေ့လယ် ၁၁ နာရီ ၄၀ မိနစ် ။

ကုတင်ထက်မှ ဝုန်းခနဲ ထကာ ရေချိုးခန်းသို့ ပြေးရ၏ ။ သင်တန်းချိန် က ညနေ ၂ နာရီခွဲမှ ၅ နာရီခွဲ အထိ ။

စိုင်းနန္ဒ နေသည့် ကမ္ဘာအေး လမ်းမပေါ်မှ ပုလဲကွန်ဒို နှင့် မြေနီကုန်းက မမောင်းရဘူး ဆိုလျှင်တောင် အနည်းဆုံး နာရီဝက်လောက်တော့ အသာလေး ကြာနိုင်သည် ။

ရေချိုးပြီး ဗီရိုထဲမှ ရှပ်အက်ျီ အနက်ရောင် တစ်ထည်နှင့် စတိုင်ပင်န် အနက် တစ်ထည်ကို ထုတ်ဝတ်လိုက်၏ ။

ထို့နောက် စိုနေသော ဆံပင်ကို သဘက်ဖြင့် ခပ်ဖွဖွ သုတ်လိုက်ပြီး စားပွဲပေါ်မှ ကားသော့ကိုယူ ၊ ကျောပိုးအိတ် ဆွဲပြီး အခန်းထဲမှ ထွက်လာလိုက်လေသည် ။

ကွန်ဒိုအောက်ဆုံးထပ်ရှိ ကြက်ကြော်ဆိုင်တွင် ကြက်ဆီ ထမင်း မှာစားလိုက်ပြီး ၊ သင်တန်းသို့ မောင်းလာလိုက်တော့ သည် ။

သည်နေ့တော့ ပုံမှန်ထက် စောထွက်လာလို့များလား မသိ ။ သင်တန်းရှေ့တွင် ကားရပ်စရာ နေရာလွတ် ရှိသဖြင့် မဆိုင်းမတွပင် ရပ်ခဲ့လိုက် သည် ။

၁၂ နာရီ နှင့် ၅၅ မိနစ် ရှိနေပြီ ။ မနေ့က ပေးလိုက်သည့် Assignment ကား မရေးရသေး ။ Library ထဲသို့ တန်းဝင်လိုက်ပြီး ၊ လွတ်နေသည့် စားပွဲတွင် ထိုင်ကာ စာအုပ် ကို ဖွင့်၍ ရေးတော့သည် ။

သင်တန်းချိန် အမီတော့ ပြီးလောက်မှာပါ ဟု တွေးကာ ဦးနှောဏ်ရော လက်ပါ တပြိုင်တည်း အလုပ်ပေးရသည် ။ တော်သေးသည် ၊ သင်ထားသမျှ နားလည်နေလို့သာ ။

၄၅ မိနစ်ခန့်လောက် အချိန်လည်း ကြာခဲ့ပြီး ၊ Assignment လည်း ပြီးတော့မည်ပေ ။ ညောင်းသွား သည့် လက်ကို ဆန့်တန်းပြီး အကြောဖြေနေခိုက်..ဘေးထိုင်ခုံ သို့ လူတစ်ယောက် ဝင်ထိုင်လာလေသည် ။

မြင်ကွင်းထဲ ရောက်လာသူမို့ ကြည့်မိလိုက်တော့ မနေ့က
ကောင်လေးပင်.... ။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

မဖတ်ရသေးသည့် English Story စာအုပ်တချို့အား ငှားရန် အိမ်မှ စောစောထွက်ပြီး ၊ သင်တန်းရောက်ရောက် ချင်းပင် Library သို့ တန်းသွားလိုက်၏ ။

လိုချင်သည့် စာအုပ်များအား တွေ့သည်ကြောင့် သင်တန်းချိန် လည်း မစသေးမီ အမြည်းထိုင်ဖတ်ရန် ရည်ရွယ်ကာ နေရာ ရှာလိုက်သည် ။

စာအုပ်စင်များအဆုံး Library အခန်းထောင့်ရှိ စားပွဲကို သတိပြုမိသွားသည် ။ လူတစ်ယောက် စာထိုင်ရေးနေသော် လည်း ဘေးမှာ တစ်နေရာစာ လွတ်နေသေး၍ တော်သေး သည် ။

ခုံကိုဆွဲကာ ဝင်ထိုင်ရန် ၊ ကျောပိုးအိတ်ကို ချွတ်လိုက်တော့ ထိုလူက မော့ကြည့်လာသည် ။ သူလည်း မှတ်မိသည့်ပုံပင် ၊ ဪ ဟု ပါးစပ်အမူအယာဖြင့် ရေရွတ်လိုက်သလို ။

ထိုလူ့ကို ပြုံးပြလိုက်ပြီး ဝင်ထိုင်ကာ ကျောပိုးအိတ်ထဲမှ မှတ်စုစာအုပ်ကို ထုတ်လိုက်ပြီး Story ကို ဖတ်နေသည် ။ Story ထဲမှ မကျွမ်းဝင်သည့် စာလုံးများကို မှတ်စုထဲတွင် လည်း ​ရေးမှတ်နေမိသည် ။

စာဖတ်နေရင်း ဘေးမှလူက လှုပ်လှုပ်ရှားရှား ဖြစ်လာတော့ ကြည့်လိုက်ရာ စာအုပ်များ သိမ်းနေခြင်း ဖြစ်သည် ။ ပြီးနောက်...

" စာရေးနေတာလား..'' ဟု မေးလာသည် ။

ခေါင်းညိတ်ပြလိုက်တော့... ထိုလူက ဖတ်နေသည့် စာအုပ်များကို ယူကြည့်၏ ။

" ဪ..Story Book တွေပဲ.. အင်း ဒီတစ်အုပ် တော်တော် ဖတ်လို့ကောင်းတယ် ''

စာအုပ်တစ်အုပ်ကို ကိုင်၍ ပြောလာတော့ ၊ ဟုတ်ကဲ့သာ သံယောင် လိုက်မိသည် ။

" မင်းက စကားနည်းသလိုပဲနော်..၊ ထားပါ..အစ်ကို သွားတော့မယ် အတန်းချိန် နီးနေပြီ..''

ဆိုကာ ကျောပိုးအိတ်ကို ယူ၍ ထိုလူက မတ်တပ်ထရပ် လိုက်သည် ။ ထိုအခါမှ ဖုန်းက နာရီကို ကြည့်လိုက်တော့ ၂ နာရီခွဲရန် ၃ မိနစ် အလို ။

သင်သည့် ဆရာက နိုင်ငံခြားသူ လည်း ဖြစ်သလို အချိန် တိကျခြင်းကိုသာ ကြိုက်သူမို့ နောက်ကျ၍ မဖြစ် ။

ထို့ကြောင့် ဘောပင်ကို ကျောပိုးအိတ်ထဲ ပစ်ထည့်ပြီး Story Book များကို လှမ်းယူလိုက်ရင်း မှတ်စုစာအုပ်ကို တိုက်မိသလို ဖြစ်ကာ ပြုတ်ကျသွားသည် ။

အလျင်လိုကာမှ နောက်ကျရသည့် အဖြစ်မို့ ကျောပိုးအိတ်ကို စားပွဲ ပေါ် ပစ်တင်ကာ မှတ်စုကို ကောက်ရန်အပြု... လက်တစ်ဖက်က အရင် ဦးအောင် ကောက်သွားသည် ။

ထို့နောက် စာအုပ်အဖုံးကို ကြည့်လိုက်ပြီး...

" ဂျူလိုင်... မင်း နာမည်လား...''

ထိုလူက မေးလာတော့ ဂျူလိုင်လည်း ခေါင်းညိတ်ပြပြီး ၊ စာအုပ်ကို တောင်းလိုက်သည် ။ ကြက်သေ သေသလို မတုန်မလှုပ် ရပ်ကြည့်နေသောကြောင့် ထိုလူ့လက်ထဲမှ စာအုပ်ကို ဆွဲယူကာ အတန်းရှိရာသို့ အမြန်ပင် ထွက်လာ လိုက်တော့သည် ။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

စိုင်းနန္ဒ.. မိမိဘေးမှ ကောင်လေးကို ကြည့်လိုက်တော့ စာအုပ် တစ်အုပ်ကို ဖတ်လိုက် ၊ မှတ်စုတွင် ရေးလိုက်နှင့်ပင် ။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက် ။ တွေ့ဖူးသည့် သူကို တောင်မှ ခပ်တန်းတန်း ။

ဂရုစိုက်မနေတော့ဘဲ ရေးစရာရှိသည်ကိုသာ ဆက်ရေးနေ လိုက်၏ ။ Assignment ပြီးသွား၍ နာရီကို ကြည့်လိုက် တော့ အချိန်က ကွက်တိပင် ။ ထို့ကြောင့် စာအုပ်များ သိမ်းကာ ထလိုက်သည် ။

စိုင်းနန္ဒ မတ်တပ်ရပ်လိုက်တော့ ထိုကောင်လေးက တစ်ချက် လှည့်ကြည့်သည် ။ သူ ဖတ်နေသည့် စာအုပ်ကို ယူကြည့် တော့ Story Book များ ဖြစ်နေသည့်အပြင် တစ်အုပ်က ကောင်းမွန်သော စာအုပ်ဖြစ်၍ ဖတ်လို့ကောင်းကြောင်း ပြောမိသည် ။

ဟုတ်ကဲ့ တစ်ခွန်းသာ တုံ့ပြန်သည် ။ စကားနည်းသူမို့လား ဒါမှ မဟုတ် မရင်းနှီးသည့် သူမို့လားပေ ။ စိုင်းနန္ဒ ကသာ ပြောနေသော်လည်း သူက အင်းမလုပ် အဲမလုပ် ။

ထို့ကြောင့် စကားစဖြတ်လိုက်ပြီး သွားရန် ပြင်ခိုက် ..
ထိုကောင်လေးက သူ၏ ဖုန်းကို တစ်ချက်ကြည့်ပြီး ချက်ချင်းပင် စာအုပ်များ ကောက်သိမ်းတော့သည် ။

စာအုပ်လေး တစ်အုပ်က အမှတ်မထင် ပြုတ်ကျလာသော ကြောင့် အမြင်မတော်၍ ကောက်ပေးလိုက်မိသည် ။ Vintage ဆန်ဆန် စာအုပ် အဖုံးလေးအား စိတ်ဝင်တစား ကြည့်မိရင်း.. အဖုံး၏ ညာဘက်အပေါ်ထောင့်နားသို့ မျက်လုံးက ရွေ့သွားမိသည် ။

- July -

ယခုက ဂျူလိုင်လလည်း မဟုတ် ။ ဒီနေရာမျိုးမှာက နာမည်ပဲ ရေးတတ်ကြသည်မို့ ၊ ထိုကောင်လေး၏ အမည် ဖြစ်မည်ထင်ကာ မေးလိုက်သည် ။

သို့သော်လည်း မဖြေဘဲ ၊ စိုင်းနန္ဒ လက်ထဲမှ သူ့စာအုပ်ကို ဆွဲယူကာ Library ထဲမှ ပြေးထွက်သွားတော့လေသည် ။

စိုင်းနန္ဒ မှာတော့ ဂျူလိုင် ဆိုသော စကားလုံးလေး နှစ်လုံး အား နှုတ်မှ ခပ်တိုးတိုး ရေရွတ်မိသွားသည် ။ ထို့နောက် ခြေလှမ်းများက အတန်းရှိရာသို့..ဦးတည်ခဲ့လိုက်တော့သည် ။

********************************************************************************
Love You, All 😘😘

4000 Words 📝📝
Hirose 👑
Thanks for your reading 📖📖
Oct 18 , 2020 💙

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

















© Hi Ro Se ,
книга «July Story».
" Part - 1 ( Zawgyi ) ''
Коментарі