My Heart will go on (Unicode)
My Heart will go on (Zawgyi)
My Heart will go on (Unicode)
သုံးလ.....

အချိန်အားဖြင့်သုံးလရှိသွားခဲ့ပါပြီ။
ကျွန်တော်နဲ့သူအဆက်အသွယ်မလုပ်ဖြစ်တဲ့အချိန်ကာလတွေပေါ့။
ဒါဟာ ကျွန်တော်၃နှစ်နီးပါး
ကျောင်းပိတ်ချိန်တိုင်းကြုံနေရတဲ့ငရဲပါပဲ။
အခုချိန်ထိလည်းကျင့်သားမရနိုင်သေးတဲ့ငရဲပေါ့...

ကျောင်းပိတ်ချိန်တိုင်းမိဘအိမ်ကို
ပြန်တတ်တဲ့သူက ကျွန်တော်နဲ့
ဖုန်းအဆက်အသွယ်လုပ်လေ့မရှိပါဘူး။
သူအခက်တွေ့မယ့်ကိစ္စမျိုးမလုပ်ချင်တဲ့ကျွန်တော်ကသူ့ဆီကိုဖုန်းစမဆက်ခဲ့သလို
သူဟာလည်းကျွန်တော့်ဆီဆက်သွယ်မလာခဲ့ပါဘူး.....

မှတ်မိပါသေးတယ်......

သူနဲ့ကျွန်တော်ချစ်သူတွေဖြစ်ခါစ
first year examပြီးတဲ့အချိန်
သူ့အိမ်ကိုပြန်သွားတဲ့အချိန်....
ကျွန်တော်ဘယ်လောက်ဖုန်းဆက်ဆက်
မရခဲ့ပါဘူး။
Call listထဲမှာconnectမဖြစ်လိုက်တဲ့
phone callတွေ....

၁၂၃ခါ....

တစ်ခုချင်းစီကိုရေတွက်ရင်း
သူ့အတွက်စိတ်ပူခြင်းတွေကိုမေ့ပျောက်ဖို့ကြိုးစားခဲ့ပါတယ်။
ဒါဟာပထမဆုံးအကြိမ်သူ့ဆီ
ဖုန်းဆက်ခြင်းပါပဲ။

ကျွန်တော့်နံပါတ်ကိုblockထားတယ်လို့
သူကိုယ်တိုင်ပြောလာတဲ့အခါ

"နားလည်ပါတယ်"

ဆိုတဲ့စကားတစ်ခွန်းရယ်...

နောက်ထပ်ဘယ်တော့မှဖုန်းမဆက်တော့ဘူးဆိုတဲ့အတွေးတစ်ခုရယ်....

သူ့ကိုကျွန်တော့်ကြောင့်အနှောက်အယှက်
မဖြစ်စေချင်ဘူးလေ။

နောက်အပတ်ဆိုကျောင်းတွေပြန်ဖွင့်တော့မှာမို့ သူနဲ့တွေ့လောက်ပါရဲ့။
မေဂျာမတူတဲ့ကျောင်းသားနှစ်ယောက်ကအချိန်တိုင်းအတူရှိဖို့ဆိုတာအရမ်းခက်တယ်။
နောက်ဆုံးနှစ်ကျောင်းသားဆိုတဲ့အတိုင်းအလုပ်တွေကပိုများနေတတ်တယ်။

ကျွန်တော့်ရဲ့အနားယူချိန်တွေကို
သူနဲ့messengerမှာစာတွေအပြန်အလှန်ပို့ရင်းကုန်ဆုံးချင်ပေမဲ့
ဒါဟာကျွန်တော့ဆန္ဒသက်သက်ပါပဲ။

စာလေးတစ်စောင်ဆိုလည်းဖြစ်တာမို့
seenမပြတဲ့ replyမလာတတ်တဲ့nicknameလေးဆီကိုကျွန်တော်တစ်ယောက်တည်းပဲစာတွေပို့ထားတတ်ပါတယ်။

တစ်ပတ်လောက်ကြာလို့သူဝင်ကြည့်တဲ့အခါ

"ကိုယ်အရင်ရက်ကအလုပ်များနေခဲ့လို့"

ဆိုတဲ့ပြန်စာတစ်ကြောင်းနဲ့တင်
ကျွန်တော် ဝမ်းနည်းမှုတွေတစ်ညတော့ပြေပျောက်ရပါတယ်။

မနက်မိုးလင်းတဲ့အခါသူဟာ
အရင်ရက်တွေလိုပဲ
ကျွန်တော့စာကိုဝင်မဖတ်တော့ပါဘူး။
သူ့ဆီကကျွန်တော်မငြင်းနိုင်တဲ့အကြောင်းပြချက်လေးတစ်ခုရဖို့ နောက်ထပ်တစ်ပတ်ကိုကျော်ဖြတ်ရဦးမှာပါပဲ။

သူကျွန်တော့်ဆီကအဖြေရဖို့
အသည်းအသန်ကြိုးစားခဲ့တဲ့အချိန်က
သူ့အတွက်သိပ်များကြာသွားခဲ့လေသလား.....
ဒါဟာ သူကျွန်တော့်အပေါ်မြန်မြန်စိတ်ကုန်သွားစေတဲ့အချက်တွေထဲကတစ်ခုဖြစ်မယ်ထင်ပါရဲ့.....
ကျွန်တော်ဟာတိတ်တိတ်လေးချည်ခဲ့မိတဲ့
ကြိုးလေးတစ်ချောင်းကိုသူဖြတ်မချခင်မှာ
အရူးတစ်ယောက်လို
အရှက်မဲ့စွာပဲ ထုံးရာအထပ်ထပ်ထင်အောင်လုပ်ခဲ့မိပါတယ်.........

တကယ်ဆို ပိုချစ်မိသွားတဲ့သူက
ကျွန်တော်ထင်ပါရဲ့....
သူကတော့ အစကတည်းချစ်ခဲ့သလား....

******

ဒီနေ့ကနောက်ဆုံးနှစ်ရဲ့ဒုတိယစာသင်နှစ်တစ်ဝက်စဖွင့်တဲ့နေ့....
ကျွန်တော်တို့ကျောင်းသားဘဝအချိန်တွေကတဖြည်းဖြည်းနည်းလာပြီ....
စာတော်တဲ့သူကတော့ ဂုဏ်ထူးတန်း
ဆက်တက်နိုင်မယ်လို့ယုံတယ်....

ကျွန်တော်ကရော.....
ကျွန်တော်ကတော့ နည်းနည်းလေးအူတဲ့သာမန်ကျောင်းသားတစ်ယောက်ပဲ....
ဘွဲ့ရတဲ့အခါအိမ်ပြန်လို့အဖေသတ်မှတ်ပေးတဲ့အလုပ်ကိုလုပ်ရင်းအချိန်ကုန်ရမဲ့သူပေါ့...

ဒီလိုအူတူတူနဲ့ ကိုယ်ပိုင်ရည်မှန်းချက်မရှိတာကိုလည်းသူကသဘောမကျဘူး....
ဒါဟာလည်းစိတ်ကုန်စေတဲ့
အချက်တွေထဲကတစ်ခုပါပဲ

သူပါဝင်တဲ့ကျွန်တော့်အနာဂတ်ဆန္ဒတွေအကြောင်းပြောပြတဲ့အခါ
ပြုံးပြီးနားထောင်တတ်ပေမဲ့
စိတ်ကူးယဥ်ဆန်လွန်းတယ်လို့
မှတ်ချက်ပြုတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့သူ့မျက်နှာကိုတွေ့ရဖို့သူတို့မေဂျာဆောင်ဘက်ကို တိတ်တိတ်လေး
သွားချောင်းရဦးမှာပါပဲ....
တစ်ခါတစ်လေ သူကျွန်တော့်ကိုလွမ်းလွန်းလို့
ဝမ်းနည်းနေရတာမျိုး
စိတ်မသက်မသာဖြစ်နေတာမျိုး ဖြစ်စေချင်တယ်
တစ်စုံတစ်ယောက်ကိုလွမ်းရတာက
ဘယ်​လောက်ဆိုးလဲ သိစေချင်တယ်

ဒါပေမဲ့ ကံကောင်းလွန်းတဲ့သူက ဒီလိုဒုက္ခကိုမခံစားခဲ့ဖူးပါဘူး

မိုးနတ်မင်းကကျွန်တော်တစ်ယောက်တည်းကြုံတွေ့ဖို့သတ်မှတ်ပေးထားသလိုပါပဲ....

........

"ရိန်နောင်"

အသံကြားရာကိုလှည့်ကြည့်လိုက်တော့
မေဂျာတူ သီဟ။
သွက်သွက်လက်လက်နေတတ်တဲ့သီဟက
ခပ်အူအူရိန်နောင့်အတွက်တော့
၄နှစ်တာလုံး အားကိုးစရာ
ရင်ဖွင့်စရာ သူငယ်ချင်းတစ်ယောက်ပါပဲ...

"မင်း ထွဋ်ဦးကိုနဲ့အခုထိမတွေ့ရသေးဘူးလား"

ရိန်နောင်မျက်နှာလေးဆူပုပ်ပုပ်နဲ့ ခေါင်းညိမ့်ပြလာသည်။

"စကားမပြောဖြစ်တာရော ဘယ်လောက်ကြာပြီလဲ"

"စာမေးပွဲမတိုင်ခင်ကတည်းက
မင်းလည်းသိသားပဲ သူကစာမေးပွဲနားနီးရင်
စကားလာပြောတာမကြိုက်ဘူး"

"သူကဘယ်တုန်းကရော ကြိုက်ဖူးလို့လဲ"

"စာမေးပွဲပြီးတော့ရော သွားမပြောဘူးလား"

"နောက်ဆုံးဘာသာကသူလိုချင်သလိုမရလို့ထင်တယ် စိတ်တိုနေတာ
ငါစကားသွားပြောရင် ပိုစိတ်တိုတတ်လို့
သူလာပြောတာကိုစောင့်နေတာ ခုထိပဲ "

ရိန်နောင့်စကားအဆုံးသီဟရဲ့သက်ပြင်းချသံက နေရာယူသည်။
ရိန်နောင်ရဲ့ခပ်အူအူပုံစံရယ် သီဟရဲ့စိတ်မရှည်သလိုမျက်ခုံးကိုတွန့်ချိုးကာ မေးနေဟန်တို့ကြောင့် အနားမှဖြတ်သွားဖြတ်လာတို့က ကွက်ကြည့် ကွက်ကြည့်...

"အခု သူ့ကိုစောင့်နေတာမလား
နောက်ကို ဒီလိုစောင့်မနေနဲ့ သူ့အတန်းထဲဝင်ပြီးခေါ်လိုက် အတန်းလည်းဆင်းနေပြီကိုတစ်ခါလောက်မင်းလုပ်ချင်တာကို
သူ့အရိပ်အကဲမကြည့်ပဲလုပ်ပစ်လိုက်စမ်းပါကွာ"

သီဟစိတ်မရှည်တော့ဟန် ရိန့်နောင့်လက်ကိုဆွဲကာ ထွဋ်ဦးကိုတို့အတန်းရှိရာအပေါ်ထပ်သို့တက်သွားသည်။
အတန်းဘက်ကိုကွေ့ဝင်တဲ့လမ်းမှာပဲ
ထွဋ်ဦးကိုနဲ့တွေ့သည်။
သူကမျက်မှောင်ကြုတ်ရင်း သီဟကိုင်ထားသောရိန်နောင့်လက်ကိုကြည့်နေသည်မို့
ရိန်နောင်လက်ကိုခပ်မြန်မြန်ဖြုတ်ချလိုက်သည်။

"အစ်ကို အတန်းပြီးပြီလား
အခုကန်တင်းသွားမှာမလား "

"ကိုယ်မအားဘူး ဆိုင်း
ချိန်းထားတာရှိတယ် ကျန်းမာရေးဂရုစိုက်ဦးနော် သွားတော့မယ် "

*ကျန်းမာရေးဂရုစိုက်ဦးနော်*

ဒါဟာဘယ်လောက်ကြာမှရတဲ့ဂရုစိုက်မှုလေးလဲ။
ဒီစကားတစ်ခွန်းနဲ့ရိန်နောင့်စိတ်ထဲ
ခံစားရသမျှကိုမေ့သွားသည်။
မိုးရေကိုသောက်ပြီးအသစ်ပွင့်လန်းလိုက်တဲ့ပန်းလေးလို
မိုးနံ့သင်းသင်းကိုသယ်လာတဲ့လေပြည်လေးလို သူ့စိတ်ဟာပေါ့ပါးသွားခဲ့သည်။

" သူ မင်းနဲ့စကားပြောရဖို့ သုံးလတောင်
စောင့်နေခဲ့တာ ထွဋ်ဦးကို !!!!
ဆိုင်းရိန်နောင်ကမင်းဖွင့်ပြောပြီး
ရအောင်လိုက်ထားတဲ့ မင်းရဲ့ချစ်သူနော်
ပြီးတော့ သူကယောကျာ်းလေးဆိုတာကို
မင်းမမေ့နဲ့ဦး "

"လာ သွားမယ် ''

သီဟဆွဲခေါ်ရာနောက်ကိုအမှီလိုက်ရင်း
ရိန်နောင်အော်ပြောလိုက်သည်။

"အစ်ကို ညကျရင်messengerမှာseenပြဦးနော်"

ထွဋ်ဦးကို နေရာမှာပဲ မလှုပ်မယှက်ရပ်နေခဲ့သည်။
သူ့မျက်လုံးထဲမှာ အလိုမကျမှုတွေလွှမ်းနေသည်။

*****

ညနေပိုင်းအတန်းချိန်ဆင်းခါနီးမှာပဲ မိုးရွာချသည်။
ဒါက၆လပိုင်းကျောင်းတက်ချိန်တွေထဲမပါမဖြစ်အခန်းတစ်ခုပါပဲ။
ဒီလိုအချိန်မိုးရွာထဲထီးတစ်လက်နဲ့ဗျာများနေတဲ့စုံတွဲတွေက ကျောင်းဝန်းထဲနေရာအနှံ့။
တစ်ချိန်တုန်းကရိန်နောင်လည်းအဲ့လိုလူတွေထဲကတစ်ယောက်ဖြစ်ခဲ့တာပါပဲ။

မိုးရွာရွာ နေပူပူ ထွဋ်ဦးကိုက
ရိန်နောင့်နောက်ကိုထီးတစ်လက်နဲ့
လိုက်နေတတ်သည်။
ထိုအခါမျိုးဆို ရိန်နောင်ရှက်လွန်း၍ခပ်သွက်သွက်လမ်းလျှောက်မိတော့
ခလုတ်တိုက်မိသည်ကအကြိမ်ကြိမ်....

အခုတော့ဒါတွေက ကျိန်ပြောရင်တောင်
လိမ်တယ်ထင်ရစေမယ့်အခြေအနေတွေပါပဲ...
သိပ်ကိုဂရုစိုက်တတ်တဲ့ထွဋ်ဦးကိုအစား
အမြဲတမ်းဝမ်းနည်းနေတတ်တဲ့ ဆိုင်းရိန်နောင်က အစားဝင်လာခဲ့သည်...

ထီး​အနက်ရောင်လေးကို ထွဋ်ဦးကိုရဲ့လွယ်အိတ်ထဲအသာထည့်ထားပြီးပြန်ထွက်လာခဲ့လိုက်သည်။
အိမ်အဝေးကိုပြန်ရမဲ့သူက ကျောင်းတွင်းဆောင်ကိုပြန်ရမဲ့သူအတွက်ထီးထားပေးသည်က နည်းနည်းတော့ရယ်စရာကောင်းသည်။

မနက်ဖြန်ထပ်ရမဲ့assignmentအတွက်point တွေစုထားတဲ့စာအုပ်ကိုကျန်ထားခဲ့သည့်
ရိန်နောင်နမော်နမဲ့က မေဂျာဆောင်သို့
တစ်ခေါက်ပြန်သွားရသည်။
လွယ်အိတ်ကိုခေါင်းပေါ်တင်လို့ခပ်သွက်သွက်​ပြေးသွားနေရင်းတစ်နေရာမှာ
သူ့ခြေထောက်တို့တန့်သွားရသည်။

မိန်းကလေးတစ်ယောက်နဲ့ထီးတစ်လက်တည်းဆောင်းလာပါသော ရင်းနှီးရသူ...
သူ့လွမ်းနေရတဲ့လက်ဖဝါးကြီးကြီးတွေက
ဘေးကကောင်မလေးလက်ကို ဆုပ်ကိုင်ထားသည်။
ရိန်နောင့်ပါးပေါ်သို့မျက်ရည်ပူတို့တစ်လှိမ့်ချင်းစီးကျလာသည်။
ပတ်ဝန်းကျင်ကရပ်တန့်သွားသလို

မိုးရေထဲမှာလွယ်အိတ်တစ်လုံးကို ပိုက်ထားတဲ့သူရယ်....

မိန်းကလေးတစ်ယောက်ကိုလက်တွဲထားသူရယ်.....

မိုးရေတို့ကြားမှာ သူကပဲအရာအားလုံးကိုတစ်ဖက်သတ်မြင်နေရသလို....
သူ့အမြင်အာရုံတို့ကတဖြည်းဖြည်းချင်းပျောက်ကွယ်သွားတဲ့ကျောပြင်နှစ်ခုထံကပ်ပါသွားသည်။
နေရာမှာပဲသူထိုင်ချရင်းအော်ငိုပစ်လိုက်သည်။
မျက်လုံးတို့ဖောင်းအစ်လာသည်ထိ
သူခံစားခဲ့ရသမျှကို မိုးရေနဲ့အတူမျောပါသွားစေချင်သည်။

ဒါဟာသူရွေးခဲ့တဲ့လမ်းမို့ရိန်နောင်ဆက်လျှောက်ရဦးမည်.....

*****

အဲ့နေ့ညမှာပဲ ရိန်နောင်မျှော်နေရသူထံမှ
စာလေးတစ်စောင်ရောက်လာခဲ့သည်။

ဘယ်သူကများထင်ခဲ့ပါ့မလဲ....
ဒါဟာ ချစ်ရသူကရင်ကိုခွဲမဲ့စာတစ်စောင်ဆိုတာ .....
သူ နည်းပညာတက္ကသိုလ်ကကောင်မလေးတစ်ယောက်ကိုစိတ်ဝင်စားနေကြောင်းပေါ့။
သူက ရိန်နောင့်ဘက်ကအဖြေစကားကိုစောင့်နေသည်။

ရိန်နောင်ချက်ချင်းစာမပြန်နိုင် .....
တစ်ချက်ကြိတ်ငိုလိုက်သည်။
ရင်ဘတ်ထဲကနာလွန်း၍အသံမထွက်နိုင်တော့....
ဘယ်ဘက်,ရင်ဘတ်တစ်လျှောက်လုံး
ကျဥ်တက်လာသည်အထိသူခံစားနေရသည်။
လက်ထဲကကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည့် ဖုန်းလေးကြမ်းပြင်ပေါ်ကျသွားသံက ကျယ်လောင်စွာထွက်ပေါ်လာပေမဲ့
ရိန်နောင့်အသိစိတ်ကိုမလှုပ်နှိုးနိုင်။

"တကယ်ပဲ ကြိုက်သွားပြီလား"

"အင်း''

ရိန်နောင်အတည်ပြုချင်တာမို့ မေးလိုက်မိတော့ တစ်ဖက်ကလျင်မြန်စွာပြန်ဖြေလာသည်။

"အစ်ကိုပျော်တယ်ဆိုပြီးတာပါပဲ
အဆင်ပြေသလိုလုပ်
အဆင်မပြေတဲ့အခါပြန်လာခဲ့ပေါ့ "

"အဲ့လိုမျိုးရှိလာမှာမဟုတ်ဘူး "

"အင်းပါ ဒါဆိုကောင်မလေးကိုများများဂရုစိုက်ပေးပါ
ကိုယ့်ချစ်သူကပစ်ထားရင် သိပ်ဝမ်းနည်းစရာကောင်းတယ် ..
ဒါဆို ကျွန်တော်အိပ်တော့မယ် "

Good nightဆိုတဲ့စာလေးကိုတော့သူမပို့ဖြစ်တော့ပါဘူး။

*****

"ဆိုင်း အစ်ကိုမင်းကိုချစ်တယ်''

" ကျွန်တော်ရောပဲ "

"ဟင် ချစ်တယ်လို့ပြောလေကွာ ..
လုပ်...ပြောကြည့် "

"ချစ်တယ်..''

.....

"အစ်ကို ကျွန်တော်တို့ကဘာတွေလဲ"

"မင်းဘာကိုမေးချင်တာလဲ"

"မဟုတ်ပါဘူး ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကချစ်သူတွေမလားဟင်"

"အင်း မင်းကချစ်သူဆိုလည်းချစ်သူပေါ့"

"အစ်ကို ကျွန်တော်အစ်ကို့ကိုအရမ်းချစ်တယ်"

အတိတ်ကပြောင်းလဲလာမှုတွေကို ရိန်နောင်တစ်ခုချင်းစီပြန်တွေးနေမိသည်။
အရာအားလုံက သူ့အမှားတွေလို့ရိန်နောင်အချိန်တိုင်းတွေးနေခဲ့သည်။
ဒါတွေအားလုံးဟာ သူ့အမှားတွေပါ

ယောကျာ်းလေးဖြစ်နေတာရော

အစ်ကိုမကြိုက်တဲ့ အူတူတူပုံဖြစ်နေတာရော

အလိုက်သိတတ်တဲ့ပုံဖြစ်အောင်ကြိုးစားနေထိုင်မိခဲ့တာတွေရော

အားလုံးကအစ်ကို့အတွက်စိတ်ရှုပ်စရာဖြစ်နေခဲ့သည်။

သူ့အမှားတွေကိုပြင်ဖို့ရာ ရိန်နောင်တစ်ညလုံးတွေးနေခဲ့သည်။
အစ်ကို့အပြစ်မပါ
ယောကျာ်းတစ်ယောက်က
နောက်ထပ်ယောကျာ်းတစ်ယောက်ကို ဘယ်လောက်ကြာကြာချစ်နိုင်ပါ့မလဲ....
မနက်မိုးလင်းလာတဲ့အခါ အမှားတို့ကိုသုံးသပ်လို့ အစ်ကို့အကြိုက်ပုံစံဖြစ်အောင်နေမယ်လို့ဆုံးဖြတ်လိုက်သည်.....

အာမခံချက်မရှိတဲ့ကျွန်တော်တို့ရဲ့
ချစ်ခြင်းတွေဟာ
တစ်ဖက်ကငြီးငွေ့လာတဲ့အခါ
လမ်းဆုံးမရောက်ခင်မှာပဲကျိုးပျက်ကြရပါတယ်

*****

ရိန်နောင် မနက်စောစောကျောင်းတွင်းဆောင်ဘက်ကိုထွက်လာခဲ့လိုက်သည်။
သူဟာ မနေ့ညကဘာမှမဖြစ်ခဲ့တဲ့လူတစ်ယောက်လို ပေါ့ပါးလွတ်လပ်စွာ အဆောင်တွင်းရှိတွေ့သမျှလူတိုင်းကိုဖော်ရွေစွာပြုံးပြရင်း ထွဋ်ဦးကိုရဲ့အခန်းဘက်ကိုတက်လာခဲ့လိုက်သည်။
ဒီနေရာဟာ သူ့အတွက်တစ်ကျောင်းလုံးမှာအရင်းနှီးဆုံးနေရာ.....
အဆက်အသွယ်မရတဲ့အခါတိုင်း အရူးတစ်ယောက်လိုအပြေးလာရှာတတ်တဲ့နေရာ

လာရှာတဲ့အခါတိုင်းမျက်ရည်လွယ်တဲ့
ရိန်နောင့်ကို အူတူတူကလေးလေးတစ်ယောက်လိုသဘောထားပြီးချော့မြူရင်း အကြောင်းပြချက်တွေပေးတဲ့နေရာပေါ့

ထွဋ်ဦးကိုရဲ့အခန်းရှေ့မှာရိန်နောင်
ရပ်လိုက်သည်။
အခန်းတံခါးပေါ်ကနာမည်ကဒ်ပြားလေးမှာ အခြားနာမည်တစ်ခုကအစားဝင်နေသည်။

နောက်ထပ်ရိန်နောင်မသိပဲ
သူဘာလုပ်ပြန်ပြီလဲ။
သူဆုံးဖြတ်သမျှအရာရာမှာ
ရိန်နောင်ဟာအပြင်လူတစ်ယောက်လို

အသိပေးခြင်းမခံရ တိုင်ပင်ခြင်းမခံရ
ရိန်နောင်ဟာဘောင်မဝင်တဲ့လူတစ်ယောက်လို......

အဆောင်မှူးဆီမှာစုံစမ်းတော့ထွဋ်ဦးကိုဟာကျောင်းတွင်းဆောင်အတွက်
စာရင်းသွင်းမထားကြောင်းပြောလာသည်။
သူငယ်ချင်းတွေကတစ်ဆင့် ထွဋ်ဦးကို
မြို့ထဲကတိုက်ခန်းတစ်ခုကိုပြောင်းသွားကြောင်းသိလိုက်ရသည်။
ရိန်နောင်ခပ်မြန်မြန်ပဲလိပ်စာအတိုင်းလိုက်သွားသည်။

လမ်းတစ်လျှောက်ကုန်ဆုံးချိန်ဟာ
သူ့အတွက်အရမ်းကြာလွန်းနေသည်။
ညကစကားကိုအတည်မယူဖို့
ထွဋ်ဦးကို မရှိရင်သူမဖြစ်တဲ့အကြောင်း
ပြောပြဖို့
သူ့ကိုမချစ်ရင်တောင် အဆက်မဖြတ်လိုက်ဖို့
တောင်းပန်စကားတွေကိုတစ်လုံးချင်းစီနေခဲ့သည်။
သူနောက်ထပ်အမှားတို့မကျူးလွန်ချင်တော့ပါ။

တိုက်ခန်းရှေ့ရောက်တဲ့အခါ
အမှတ်မရှိတဲ့ဦးနှောက်ရဲ့စေခိုင်းရာအတိုင်း
ရိန်နောင်သူ့ကိုအဖြေပေးခဲ့တဲ့နေ့စွဲလေးကိုရိုက်နှိပ်လိုက်သည်။
မျှော်လင့်ထားသလို တံခါးကပွင့်မလာ......
ရိန်နောင်ရဲ့အရာအားလုံးမှာ ထွဋ်ဦးကိုရဲ့အငွေ့အသက်တွေ လွှမ်းမိုးမှုတွေရှိနေပေမဲ့
ထွဋ်ဦးကိုနဲ့ပက်သက်သမျှကတော့ကွဲပြားနေတတ်သည်။

ရိန်နောင့်ဖုန်းမျက်နှာပြင်ပေါ်မှာ
ထွဋ်ဦးကိုနေရာယူထားတဲ့အခါ
အပိုတွေလုပ်သလိုအကြည့်ကိုသာရရှိခဲ့ဖူးသည်။

Anni dateကိုဂဏန်းတွေသေချာမမှတ်မိတတ်တဲ့ထွဋ်ဦးကိုကမေ့နေတတ်ပြီး
ဥာဏ်သိပ်မကောင်းတဲ့အူတူတူကောင်လေးကပဲ မှတ်မိနေတတ်သည်။

ရိန်နောင့်မွေးနေ့တွေမှာလည်း
သူမျှော်လင့်တဲ့ birthday wishကိုတစ်ခါမှမရခဲ့ဖူးဘူး။

ဒါတွေဟာ ရိန်နောင့်ကိုတစ်ဖက်သတ်နားကျင်စေခဲ့တဲ့လျစ်လျူရှုခြင်းတွေပါပဲ .........

ရိန်နောင်အခန်းရှေ့မှာအချိန်အတော်ကြာသည်ထိရပ်စောင့်နေခဲ့သည်။
မျက်ရည်တို့ကလည်းသူ့ကိုအဖော်ပြုရင်းအဆက်မပြတ်ကျဆင်းနေခဲ့သည်။
တရွေ့ရွေ့ကုန်လာတဲ့အချိန်တွေနဲ့အတူ
ဒီနာကျင်ရတဲ့အချိန်တွေပါသွားရင်ကောင်းမယ်လို့သူတွေးနေမိသည်။
ပိုပိုပြီးနာကျင်လာတဲ့ဘယ်ဘက်ရင်အုံကမဖြစ်နိုင်ကြောင်းကိုသတိပေးနေသည်။

သူ့ရှေ့ကို ကတ္တီပါအနက်ရောင်စီးထားတဲ့ခြေထောက်ဖွေးဖွေးတစ်စုံလာရပ်သည်။
ရိန်နောင်အဲ့လူရဲ့ရင်ခွင်ထဲကိုတိုးဝင်ပစ်လိုက်ချင်သည်။
သူ့ကိုထားမသွားဖို့တောင်းပန်ချင်သည်။
သူစိတ်ရှုပ်သွားမှာကိုလည်းစိုးရိမ်သည်။

"ဒီကိုဘယ်လိုလိုက်လာတာလဲ ရိန်နောင်"

"အစ်ကို့အဆောင်ကိုလိုက်သွားတော့
မတွေ့တာနဲ့ သူငယ်ချင်းတွေကိုမေးပြီးလိုက်လာခဲ့တာ "

"မင်းကို ဒါတွေမကြိုက်တာ
အချိန်တိုင်းငါ့အကြောင်းကို
လိုက်စုံစမ်းနေတာ
ကလေးအမေကြီးလိုပဲ "

ရိန်နောင်နှစ်သက်ရတဲ့လက်သွယ်သွယ်
ဖြူဖြူတွေကpwကိုအပြေးအလွှားနှိပ်လို့ ....

"ကျွန်တော် တောင်းပန်ပါတယ်
ပေးစရာလေးရှိလို့လာခဲ့တာပါ "

"အစ်ကိုဝတ်ဖို့ အကျီတွေ အကုန်လုံးမှာ
အစ်ကို့နာမည်ချည်ထိုးပေးထားတယ်
ကျွန်တော့အတွက်လည်း အသုံးမလိုလို့
လာပို့ပေးတာပါ အစ်ကိုစိတ်မဆိုးပါနဲ့"

"ဒါမျိုးတွေလုပ်ပေးစရာမလိုတော့ဘူး
ပြန်ယူသွားလိုက်ပါ "

ထွဋ်ဦးကိုလက်ထဲကိုရိန်နောင် ခပ်သွက်သွက်ထည့်ပေးပြီး နေရာကနေဟန်မပျက်ထွက်လာခဲ့သည်။

"မင်းကအမြဲ တဇွတ်ထိုးလုပ်တယ်
တစ်ဖက်လူကိုမကြည့်ဘူး "

ရိန်နောင်ထောင့်တစ်နေရာကနေ အခန်းထဲဝင်သွားတဲ့သူကိုအတော်ကြာအောင်ကြည့်နေခဲ့မိသည်။
သူ့ခေါင်းထဲမှာ ဒီပျက်ဆီးသွားတဲ့ဆက်ဆံရေးကို
အထိအခိုက်အနည်းဆုံးနဲ့ပြန်ဆက်နိုင်ဖို့ကို
စဥ်းစားနေမိသည်။

******

ထွဋ်ဦးကို ရိန်နောင်ပေးသွားတဲ့အိတ်လေးကို
ဖွင့်ကြည့်လိုက်သည်။
သူအမြဲဝတ်နေကျရှပ်ဖြူအကျီတွေ......

ချစ်သူရည်းစားသက်တမ်းတစ်လျှောက်လုံးမှာ ရိန်နောင်ဟာသူ့အပေါ်လိုလေသေးမရှိဂရုစိုက်ပေးခဲ့သည်။
သူကသာအဲ့ဒိကောင်လေးအပေါ်အစကတည်းကမရိုးသားခဲ့ခြင်းဖြစ်သည်။
First yearစတက်ချိန်သူငယ်ချင်းတွေ မြှောက်ပေးလို့သူအဲ့ဒိကောင်လေးကိုစလိုက်ခဲ့သည်။
ထိုကောင်လေးကိုသူချစ်လား မချစ်လား တစ်ခါမှမတွေးဖူးပါ။

မထင်မှတ်ထားပဲ ရိန်နောင်က
First yearစာမေးပွဲမဖြေခင်မှာပဲ သူ့ကိုအဖြေပြန်ပေးခဲ့သည်။
သူ ,ရိန်နောင်နဲ့ပက်သက်ပြီးလက်လျှော့လိုက်တော့မယ်လို့ တွေးမိတဲ့အချိန်မှာပဲ အဲဒိကောင်လေးရဲ့ရင်ဘတ်ထဲမှာ သူကနေရာယူပြီးသားဖြစ်နေခဲ့သည်။
အချိန်ကသိပ်ကိုနောက်ကျသွားခဲ့သည်။

ရိန်နောင့်ကိုလျစ်လျူရှုထားလိုက်ရင် သူ့အပေါ်စိတ်ကုန်သွားလိမ့်မယ်လို့ သူတွေးခဲ့မိသည်။
ရိန်နောင်ဟာမထင်မှတ်ထားပဲ သိပ်ကိုသည်းခံနိုင်စွမ်းအားကောင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်နေခဲ့သည်။

သီဟပြောခဲ့တဲ့စကားကမှန်သည်။
ရိန်နောင်ဟာ ယောကျာ်းတစ်ယောက်.......
တစ်ချိန်မှာ မိန်းကလေးတစ်ယောက်နဲ့လက်ထပ်လို့မိသားစုဘဝကိုတည်ဆောက်နိုင်တဲ့လူတစ်ယောက်။
သူ့လိုစိတ်ဓာတ်မပြတ်သားတဲ့လူတစ်ယောက်အနားမှာ နေရင်းအချိန်မကုန်သင့်တဲ့လူတစ်ယောက်။
အချိန်မလွန်ခင်မှာပဲ ရိန်နောင်သူ့အပေါ်
ခပ်မြန်မြန်စိတ်ကုန်သွားစေမယ့်
နည်းလမ်းကိုရွေးခဲ့သည်။

အတူရှိခဲ့ဖူးတဲ့သံယောဇဥ်ကြောင့်
လမ်းမှန်ကိုသူကိုယ်တိုင်ပြန်ပို့ပေးရမည်။
သူ့ကြောင့်သာမဟုတ်ခဲ့ရင် အခုချိန်မှာ
ရိန်နောင်ကသိပ်လှတဲ့မိန်းကလေး
တစ်ယောက်ကိုကာကွယ်ပေးနိုင်နေမှာ........

*****

နောက်အပတ်ဆိုရင် စာမေးပွဲဖြေရတော့မည်။
တိုက်ခန်းမှာနောက်ဆုံးတွေ့ပြီးကတည်းက
ခုချိန်ထိစကားတစ်ခွန်းတောင်မပြောဖြစ်ခဲ့ကြဘူး။
လမ်းမှာတွေ့ရင်လည်းသူစိမ်းတွေလိုပဲနေခဲ့ကြသည်။

ရိန်နောင့်ဘက်ကအရာအားလုံး
အဆင်ပြေနေပုံရသည်။
သူသာတစ်ခုခုလိုနေသလို ခံစားနေရသည်။
ရိန်နောင့်ကိုသူ့အနားကထာဝရထွက်သွားအောင်လုပ်လိုက်နိုင်တာက
သူ့ရည်မှန်းချက်တွေပြည့်ခဲ့တာမှန်ပေမဲ့
သူပျော်မနေခဲ့ပါဘူး။
အစ်ကိုလို့ တစာစာခေါ်ပြီးလိုက်ကပ်နေတတ်တဲ့ ကောင်လေးကိုသူလွမ်းမိနေသည်။
ဒါဟာမဖြစ်သင့်မှန်းသိတာမို့
ရိန်နောင့်ဆီကိုလှမ်းမယ့်သူ့ခြေလှမ်းတွေကိုမနည်းထိန်းချုပ်ထားရသည်။

ရှက်တတ်တဲ့ကောင်လေးရဲ့အူတူတူအပြုံးလေးတွေကို အရင်ကမခံစားတတ်ခဲ့ပေမဲ့
အခုကိုယ်မဟုတ်တဲ့အခြားသူတွေကို
အပြုံးတွေဖောဖောသီသီပေးနေတဲ့အခါ
သူရင်နာရပါသည်။

ဒါက သူ,ရိန်နောင့်ကိုချစ်မိသွားခဲ့ပြီလား .......

*****

ထွဋ်ဦးကိုရဲ့စကားအတိုင်း ရိန်နောင်သူနဲ့
ခပ်ဝေးဝေးမှာနေခဲ့သည်။
ဒါဟာသူ့ရဲ့ဆန္ဒဆိုရင်ရိန်နောင်တစ်သက်လုံး
တိတ်တိတ်လေးနေဆိုလည်းရသည်။
သူ့စကားကိုနားထောင်တယ်လို့ချီးကျူးစကားလေးကိုရိန်နောင်ကြားချင်လို့ဖြစ်သည်။

စာမေးပွဲမပြီးခင်မှာ သူနဲ့ပြန်အဆင်ပြေဖို့
ရိန်နောင်တိတ်တိတ်လေးမျှော်လင့်နေခဲ့သည်။

ဘယ်သူကများမျှော်လင့်ခဲ့မှာလဲ

ရိန်နောင်နဲ့သူစကားပြောထားတာတွေကိုရိန်နောင့်အဖေတွေ့သွားခဲ့သည်။
ဒါကဘယ်လိုကံဆိုးမှုပါလဲ........

အဖေမေးလာခဲ့တဲ့သူတို့ရဲ့ဆက်ဆံရေးက
ဘာတွေလဲဆိုတာအတွက်
သူ့မှာအဖြေမရှိခဲ့ဘူး......
သူအဖြေကိုမသိခဲ့ဘူး......
အစ်ကိုကိုယ်တိုင်ကအသိအမှတ်မပြုတော့တဲ့ဆက်ဆံရေးကိုကျွန်တော်ဘယ်လိုခေါင်းစဥ်တပ်ပြရမလဲ.......

အဖေကဒေါသထွက်နေခဲ့သည်။
အမေကတော့အဖေ့ကိုတားရင်းငိုနေခဲ့သည်။
သူမသက်တမ်းတစ်လျှောက်လုံးမှာ
ဒါမျိုးကို သူမရဲ့သားလေးဆီမှာ
ကြုံရလိမ့်မယ်လို့တွေးမထားပုံပင်။

သူ့စိတ်ထဲမှာအစ်ကို့ကိုပဲတွေးနေမိသည်။
အမေတားနေတဲ့ကြားက အစ်ကို့ဆီကိုရောက်အောင်သွားပြီး အစ်ကို့ဆီကတိကျတဲ့အဖြေစကားကိုသူလိုချင်ခဲ့သည်။
အဖြေစကားလေးပေးသွားခဲ့ပါသည်။
နှုတ်ဆက်ခြင်းမရှိပဲ ခွဲခွာသွားခြင်းမျိုးနဲ့ပေါ့။

အဖေ့ဆန္ဒအတိုင်းစာဆက်သင်ဖို့ရာ
မလိုလားတော့တဲ့ရိန်နောင်ဟာ
သူ့အဖေရဲ့မိဘမဲ့ဂေဟာမှာပဲ
ကျောင်းဆရာလုပ်ခဲ့သည်။
ဒီမြို့လေးကနေသူထွက်မသွားခဲ့ရင်
လူ့လောကမှာလှည့်ပတ်သွားလာရင်း
အစ်ကိုပင်ပန်းလာတဲ့အခါ
အနားယူ​ဖို့နေရာလေးတစ်ခု
သူရှိနေစေချင်သည်။

အစ်ကို့နှလုံးသားလေးပင်ပန်းလာတဲ့အခါ
အနားယူဖို့ ကျွန်တော့ရင်ခွင်က
အချိန်တိုင်းအတွက်အဆင်သင့်ဖြစ်နေစေချင်သည်။















© Aurora Lynx,
книга «My Heart will go on».
My Heart will go on (Zawgyi)
Коментарі